အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပလက်ဝနှင့် ဆမီးတွင် ၃ ပတ်ကျော်ကြာရေကြီးနေ၍ ဒေသခံ တစ်ထောင်ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 463

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၂၇/ ၂၀၂၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ၃ ပတ်ကျော်ကြာရေကြီးနေ၍ ဒေသခံ တစ်ထောင်ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

သြဂုတ်လအစပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်း၍ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ရေနှင့် လေးမြို့မြစ်ရေတို့မြင့်တက်ကာ သမိန်ချောင်းရေလျှံမှုတို့ကြောင့် ပလက်ဝမြို့နှင့် ဆမီးမြို့တို့အပြင် ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေကြီးရေလျှံနေခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါရေကြီးမှုမှာ ယနေ့သြဂုတ်လ ၂၇ ရက်အထိ ရေမကျသေးသလို မြစ်ကမ်းပါးအနီးရှိ လူနေအိမ်များမှာလည်း ရေစီးနှင့်မျောပါ ပျက်စီးသွားပြီး ပလက်၀မြို့နယ်ရှိ ပန်းဘွေ၊ ဗုဒ္ဓဂါမနှင့် ဝန်ချောင်းကျေးရွာမှ လူနေအိမ် ၃၀ ခန့်မှာ ပျက်စီးသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

ဆမီးမြို့မှ မြို့ခံအမျိုးသမီးတစ်ဦးက "မိုးရွာတာနည်းရင် ရေကျသလိုရှိပေမဲ့ မိုးရွာလာရင် ရေပြန်တိုးပါတယ်။ ရေစီးနဲ့ နေအိမ်တွေပါသွားလို့ နေထိုင်ဖို့အခက်အခဲဖြစ်နေကြတယ်။ နီးစပ်ရာ ရေမနစ်တဲ့ အိမ်တွေမှာ မိသားစုတစ်စု နှစ်စုပေါင်းပြီး ရွေ့ပြောင်းနေထိုင်နေရပါတယ်။ ဆမီးမြို့မှာဆိုရင် ရပ်ကွက် ၁ နဲ့ ၂ အထိ ရေကြီးနေတယ်။ အိမ်တွေလည်း ရေနစ်နေတယ်"ဟု ပြောသည်။



အဆိုပါရေကြီးမှုနေမှုကြောင့် ပလက်ဝနှင့်ဆမီးမြို့အပြင် ကျေးရွာပေါင်း ၂၀ ကျော်မှ ရေဘေးသင့်ဒေသခံ တစ်ထောင်ကျော်မှာ စားနပ်ရိက္ခာများ အရေးပေါ် အကူအညီများ လိုအပ်ကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်မှ ဒေသခံချင်းအမျိုးသားတစ်ဦးက "အရင်နှစ်တွေကလည်းရေကြီးပေမယ့် ဒီနှစ်က ရေပိုကြီးတယ်။ စားစရာတွေလည်း အကုန်ရေနစ်ကုန်လို့ အရေးပေါ်စားစရာတွေ အကူအညီတွေလိုအပ်နေပါတယ်" ဟုပြောသည်။

သြဂုတ်လ အစပိုင်းမှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်း၍ လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေမြင့်တက်မှုကြောင့် ရခိုင်ပြည်အတွင်း မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်က ပလက်ဝမြို့နယ်တွင် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်။ (Photo - CJ)

ဆက်စပ် သတင်းများ