အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမ်း အနောက်ပိုင်းတိုင်းက တိုက်ပွဲမဖြစ်ဘဲ ရမ်းသန်းပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂၀၂၄

ရခိုင်ပြည် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ကောင်စီလက်နက်ကြီး စခန်းက မဲတောင်အနီး အနားကို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေသည်ဟု ဒေသခံများက ပြေကြားသည်။

အနောက်ပိုင်းစစ်ဌာနချုပ်သည် အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းမည့် စာရင်းထဲတွင် ပါဝင်နေပြီး  အချိန်မရွေး တိုက်ခိုက်ခံလာရနိုင်သဖြင့် အေအေရှိနိုင်မည်ဟု ယူဆသည့် နေရာများကို စစ်ကောင်စီက မှန်းဆပြီး လက်နက်ကြီး ရမ်းသန်းပစ်ခတ်နေသည်ဟု အမ်းဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က နပခအနားမှာရှိတဲ့ လက်နက်ကြီးစခန်းက လက်နက်ကြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာတယ်။ ဒီနေ့လည်း ထပ်ပစ်တယ်။ သူတို့ဖက်က တစ်ဖက်သတ် ပစ်တာပါ။ အဓိက မဲတောင်အနီးအနားဝန်းကျင်ကနေရာတွေကို ပစ်တာ။ မဲတောင်ကြော တစ်လျှောက်မှာဆိုရင် စစ်ကောင်စီရဲ့ကာကင်းစခန်းတွေရှိတယ်လေ။ သူတို့စခန်းအနီးအနား တောင်အောက်တွေမှာ အေအေတွေပြန်ပြီး အချိန်မရွေးဝင်ရောက်တိုက်ခိုက်နိုင်တယ်။ အေအေတွေရှိနိုင်တဲ့ ဒီမဲတောင်အနီးအနားတဝိုက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ”ဟု ပြောသည်။

နပခ လက်နက်ကြီးစခန်းက မဲတောင်နှင့်တစ်မိုင်ခန့်အကွာရှိ ကျေးရွာအနီးအနားကို အာရက္ခတပ်တော်(AA)ရှိသည်အထင်ဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှစ၍ ယနေ့ သြဂုတ်လ ၂၇ ရက်အထိ  လက်နက်ကြီးကျည်များဖြင့် တစ်ဘက်သတ်ပစ်ခတ်နေသည်ဟု ဆိုသည်။

အမ်းတွင် လက်နက်ကြီးပစ်ခတ်သံများငြိမ်နေသည်မှာ လဝက်ခန့်ရှိပြီဖြစ်ပြီး ယခုမှ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

AA နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲသည် ဂွမြို့အနီးထိရောက်ရှိနေပြီး လက်ရှိ တိုက်ခိုက်လျက်ရှိနေသည့် မောင်တောမြို့သည်လည်း AA ၏လက်အောက်သို့‌ ရောက်ရှိရန် လက်တစ်လုံးခြားသာလိုတော့သည်ဟု သိရသည်။

ယင်းကြောင့် တိုက်ပွဲမှာ အမ်းမြို့သို့ ရောက်ရှိလာနိုင်သည်ကို စစ်ကောင်စီကစိုးရိမ်၍ ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“အခုဆိုရင် အာရက္ခတပ်တော်က တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်လာနိုင်တာ အသာစီး ရထားတာကို စစ်ကောင်စီအနေနဲ့လည်း သိနေမြင်နေရတော့ ဒီမြို့ပြီးရင် အမ်းမြို့ကို တိုက်ရင်တိုက်မှာဆိုပြီး လက်နက်ကြီးနဲ့ ပြန်စတဲ့သဘောပေါ့နော်”ဟု ပြောသည်။

အမ်းမြို့ဒေသခံများမှာ လက်နက်ကြီးကျည်များပစ်ခတ်သံများကြားရသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ဟင်းရှာ၊ ငါးရှာမထွက်ရဲဘဲ မိမိနေအိမ်တွင်သာနေကြရသည်ဟု ဒေသခံများက ပြောသည်။

မြို့ပေါ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများ ကင်းလှည့်မှုများရှိပြီး ယခင်ကထက် စစ်ဆေးရေး တင်းကျပ်လျက်ရှိသည်ဟု မြို့ခံများက ဆိုကြသည်။

ယခုရက်ပိုင်းတွင် မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများ ကိုပါ သံသယဖြင့် စစ်ဆေးမှုများရှိနေသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းများက ပြောသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုပုံဟောင်း။

ဆက်စပ် သတင်းများ