အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရန်ကုန်ရှိ ရခိုင်၊ ၀၊ ကိုးကန့်၊ ပလောင်တို့ကို စစ်ကောင်စီ ခရီးသွားလာခွင့်ပိတ်ပင်ကန့်သတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

(ရခိုင်ခရီးသွားများကိုရဲနှင့် ရပ်ကွက် ထောက်ခံစာပါမှသာ ကားလက်မှတ်ဖြတ်ပေး)

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၂၇/၂၀၂၄


ရန်ကုန်မြို့တွင် ၁၁ မျဉ်းစောင်း ရခိုင်နှင့် ရှမ်းပြည်နယ် ၁၃ မျဉ်းစောင်းကိုင်ဆောင်သူ  “၀”၊ ကိုးကန့်၊ ပလောင်တို့ကို စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။

ရခိုင်လူမျိုး ခရီးသွားများကို ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဂိတ်တွင် ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးများအနေဖြင့် ရဲစခန်းနှင့် ရပ်ကွက် ထောက်ခံစာတို့ကို တပါတည်းပြသနိုင်မှသာလျှင် ကားလက်မှတ်များဝယ်ယူ၍ရကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ယခုရက်ပိုင်းမှစတင်ကာ ယခုကဲ့သို့ ထောက်ခံစာများတောင်းယူပြီး ကားလက်မှတ်များ ဝယ်ယူနေကြရခြင်းဖြစ်သည်ဟု ခရီးသွားလာနေကြသူများက ပြောသည်။

ထောက်ခံစာကို ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တောင်းယူရာတွင်လည်း အလုပ်လျှောက်သည့် ထောက်ခံစာကိုသာ ထုတ်ပေးပြီး ခရီးသွားထောက်ခံစာကို ထုတ်မပေးသဖြင့် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်ဟု ယခုရက်ပိုင်းအတွင်း ထောက်ခံစာဖြင့် ကားလက်မှတ်ဖြတ်ကာ ခရီးသွားခဲ့သည့် ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

"၁၁ မျဥ်းစောင်းတွေဆိုရင် ရဲစခန်းထောက်ခံစာနဲ့ ရပ်ကွက်ထောက်ခံစာတွေပါမှ ကားလက်မှတ် ဖြတ်ပေးတယ်။ အဲဒီ နှစ်ခုမပါရင် လက်မှတ်ပေးမဖြတ်ဘူး။ ခရီးသွား ထောက်ခံစာဆို ရဲနဲ့ ရပ်ကွက်အုပ်ချုက်ရေးမှူးရုံးက ထုတ်မပေးဘူး။ အလုပ်လျှောက်တဲ့ ထောက်ခံစာမှ ယူလို့ရတယ်။ ဒီလို အခြေအနေတွေကြောင့် ၁၁ မျဉ်းစောင်းကိုင်ဆောင်တဲ့ ရခိုင်တွေ ခရီးသွားလာခွင့် ခက်ခဲနေတယ်" ဟုပြောသည်။

ထိုထောက်ခံစာသည်လည်း တစ်ရက်တည်းအတွက်သာ အကျုံးဝင်ပြီး နောက်နေ့ရက်စွဲသို့ ကျော်လွန်သွားပါက ခရီးသွားလာခွင့်မရှိတော့ကြောင်းလည်း သူက ဆက်ပြောသည်။

"၁၁ မျဉ်းစောင်းဆိုတော့ ထောက်ခံစာ သိပ်မပေးချင်ကြဘူး။ ပြီးရင် သူတို့ပြောလိုက်တာက ၁ ရက်စာလောက်ပဲ ရတယ်တဲ့။ အဲတော့ ချက်ချင်းပဲပြန်လာလိုက်တယ်။ လာဘ်ထိုးရင်တော့ ရလောက်တယ်။ အဓိက ပိုက်ဆံစားချင်လို့ နေမှာပေါ့။ မိသားစုကျန်းမာရေးအတွက်နဲ့ဆို ဒီလို ရက်အကန့်အသတ်တွေလုပ်ထားတာက မကောင်းဘူးလေ"ဟု ပြောသည်။

ရဲစခန်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ထောက်ခံစာတစ်စောင်ကို ငွေ ၂ ထောင် ကျပ်မှ ၅ ထောင်ကျပ်အထိ ပေးဆောင်၍ ထုတ်ယူနေရကြောင်းလည်း ဆိုသည်။

ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃/ ကိုင်ဆောင်သည့် “ဝ” ၊ ကိုးကန့်နှင့် ပလောင်လူမျိုးတို့ ကိုဆိုလျှင် ကားလက်မှတ်မရောင်းရန် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တားမြစ် ထားကြောင်းလည်း ရန်ကုန်ရောက် စစ်ဘေးရှောင်များက ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်များအင်အားကောင်းသည့် ပဲခူး၊ စစ်ကိုင်းနှင့် မကွေး မှတ်ပုံတင်များဖြစ်သည့် ၇/၊ ၅/ နှင့် ၈/ များကိုလည်း ယခင်ပင် ခရီးသွားလာခွင့်တင်းကျပ်ထားသည်ဟု သိရသည်။

ယခုတွင် ၁၀၂၇ စစ်ဆင်ရေးနယ်မြေရှိ ရခိုင်နှင့်ရှမ်းပြည်နယ်ရှိ ဝ" ၊ ကိုးကန့်နှင့် ပလောင် လူမျိုးတို့ကို စစ်ကောင်စီက ခရီးသွားလာခွင့် တင်းကျပ်လာသဖြင့် လုပ်ကိုင်စားသောက်ရန် တဖြည်းဖြည်း ခက်ခဲလာသည်ဟု ပြောဆိုကြသည်။

ဓာတ်ပုံ - အဝေးပြေးယာဥ်အချို့အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ