စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA ထိုးစစ်ကိုခုခံရန် စစ်ကောင်စီက စစ်တွေတွင် ဘန်ကာများကို အခိုင်အမာတည်ဆောက်နေ၍ ကျောက်စရစ်စျေးနှုန်းမြင့်တက်ကာ တစ်မြို့လုံးတွင်ကျောက်စရစ်ပြတ်လပ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၂၈ / ၂၀၂၄

မောင်တောမြို့ကို  သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော် (AA) ထိုးစစ် စစ်တွေသို့ ဦးလှည့် လာနိုင်သည်ဟု စစ်ကောင်စီက ယူဆကာ ဘန်ကာများကို အခိုင်အခန့် တည်ဆောက်နေပြီး စစ်တွေတွင် ကျောက်စရစ်များကို ဝယ်ယူနေရာ စျေးနှုန်း ခုန်တက်သွားပြီး တစ်မြို့လုံး ကျောက်စရစ် အရောင်းဒိုင်များတွင် ကျောက်စရစ် ပြတ်လပ်သွားသည်ဟု သတင်းရရှိသည်။

ကျောက်စရစ်အရောင်းအဝယ်လုပ်သူတစ်ဦးက” အရင်လပိုင်းက ကျောက်စရစ် တစ်ကျင်း ၅ သိန်းလောက်ဘဲရှိတာ။ ချက်ချင်း အခု တစ်ကျင်း ၇ သိန်းတက်သွားတယ်။ လက်ရှိ စစ်တွေတစ်မြို့လုံးမှာ ကျောက်စရစ်ရှာမရတော့ဘူး။ အကုန်လုံး စစ်တပ်က ဝယ်ယူသွားတာ” ဟု ပြောသည်။

ထိုသို့ စျေးကြီးပေး၍ ဝယ်ယူသွားသဖြင့် စစ်တွေတွင် ကျောက်စရစ် လက်ကျန်ပင် မရှိတော့ဟု ဆိုသည်။ 

စစ်ကောင်စီသည် စစ်တွေ ဒကစ ဌာနချုပ်နှင့် စစ်တပ်ဧရိယာများ အပြင် အမှတ် (၂) ရဲစခန်း၊ ရဲတပ်ရင်း (၁၂)၊ ကွန်ပျူတာ တက္ကသိုလ်၊ စစ်တွေကမ်းနားလမ်းအနီး ရေတပ်၊ တက္ကသိုလ် နောက်ဘက်ရှိ ရဲတပ်ရင်း (၃၆) စသည့် နေရာများတွင်လည်း ဘန်ကာများကို အခိုင်အမာ တည်ဆောက်နေသည်ဟု မြို့ခံများက ပြောသည်။




ယင်းအပြင် စစ်တွေလေဆိပ်နောက်ဖက်တွင်လည်း ကာကင်းစခန်းများစွာကို အခိုင်အမာ တည်ဆောက် ထားသည်ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။

နောက်ထပ် စစ်တွေဒေသခံတစ်ဦးက "စကစက ဘန်ကာတွေ သိပ်လုပ်နေတယ်။ ဆက်သွယ်ရေး မြောင်းတွေလည်း တအားတူးနေတယ်။ မြို့ထဲမှာရှိတဲ့ ကျောက်စရစ်တွေကို စစ်တပ်က ရသလောက် ဝယ်နေတယ်။ ခံစစ်လုံခြုံဖို့အတွက် ဆက်သွယ်ရေးမြောင်းတွေ၊ ဘန်ကာတွေလုပ်နေတာကိုတော့ တွေ့ရတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့ ပတ်ပတ်လည်ကိုလည်း လူများ အလွယ်တကူ ဝင်ထွက်သွားလာ၍ မရအောင် သံဆူးကြိုးများကာရန်ထားလိုက်ပြီဟုလည်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လကလည်း   သင်္ဘောနှစ်စီးဖြင့် စစ်တွေမြို့သို့ ကွန်ကရစ်တိုင်၊ သံတိုင်များနှင့် ဘိလပ်မြေအိတ်များကို ပို့ဆောင်ခဲ့ပြီး စစ်တွေ ကမ်းနားလမ်း အပါအဝင် ပင်လယ်ကမ်းခြေ ပတ်လမ်းတစ်လျှောက်ကို သံဆူးကြိုးများ ကာရန် ထားလိုက်ပြီဟု သိရသည်။

အာရက္ခတပ်​တော် (AA) သည် မောင်တောမြို့အား သိမ်းပိုက်ပြီးပါက စစ်တွေမြို့ကို ဦးတည် တိုက်ခိုက်လာနိုင်သဖြင့် စစ်ကောင်စီက စစ်တွေတွင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေပြီး လက်ရှိတွင်  ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများကို အကြီးအကျယ် တည်ဆောက်နေသည်ဟု သိရှိရသည်။

ဓာတ်ပုံ - စစ်တွေရှိ ပုဂ္ဂလိကဘဏ်အချို့အနီး စစ်ကောင်စီက ဘန်ကာများပြုလုပ်ထားသည်ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဥ်။ 

ဆက်စပ် သတင်းများ