စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရသေ့တောင် ဆားပြင်ကြီးရွာကို စစ်ကောင်စီက ညအချိန် ဗုံးလာကြဲ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၂၉ / ၂၀၂၄

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ညအချိန် ဗုံးလာကြဲ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၈ ရက်၊ ည (၁၁) နာရီကျော်က လေကြောင်းမှ ဗုံးလာကြဲ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးက နိရဥ္စရာကိုပြောသည်။

"ည ၁၁ နာရီကျော်က ဆားပြင်ကြီးရွာကို စစ်ကောင်စီမှ ဗုံးကြဲခဲ့တယ်။ သုံးဦးသေပြီးတော့ ခြောက်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရတယ်"ဟု ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း ယခုဖြစ်စဥ်ကြောင့် လူသေဆုံးဒဏ်ရာရှိမှု ဟုတ်မှန်သည်ဟု နိရဥ္စရာကိုပြောသည်။

မိုးစဲကျွန်း ဒေသတစ်ခုလုံးကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ထားသဖြင့် နိရဉ္စရာအနေဖြင့် ဆက်သွယ်ရခက်ခဲနေသေးသဖြင့် နာမည်နှင့် အသက်ကို တင်ပြပေးနိုင်ခြင်း မရှိသေးပါ။

သြဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်းရသေ့တောင်မြို့အဝင်ရှိ ဗျိုင်းကျွန်း ဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေးပွဲ ပြုလုပ်နေသည်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေးကြိမ်တိုင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

မေလ ၂၁ ရက်၊ နံနက် ၆ နာရီခန့်ကလည်း မောင်တောမြို့နယ်၊ သဝင်ချောင်းအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီက ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအား မေယုတောင်ကို ကျော်ပြီး လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် သက်ကြီးပိုင်း အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး  အမျိုးသမီးတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးသည် မတ်လ ၁၇ ရက်တွင် စစ်ကောင်စီထံမှ အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် ဒေသတွင်းတည်ငြိမ်အေးချမ်းနေသော်လည်း စစ်ကောင်စီက အကြောင်းမဲ့ သက်သက် လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - စစ်ကောင်စီ

ဆက်စပ် သတင်းများ