စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းရှိ တံတားနှစ်စင်း မိုးကြီးပြီး တောင်ကျချောင်းရေဖြင့် မျောပါပျက်စီးသွား၍ ကျေးရွာ ၃၀ ကျော်မှဒေသခံများ သွားလာရအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၂၉ /၂၀၂၄

ရခိုင်ပြည်၊‌ မောင်တောမြို့နယ်မြောက်ပိုင်းရှိ တံတားနှစ်စင်းသည် တောင်ကျချောင်းရေဖြင့် မျောပါပျက်စီးသွား၍ ကျေးရွာ ၃၀ ကျော်မှ ဒေသခံများ သွားလာရအခက်တွေ့နေရကြောင်း သိရသည်။

တောင်ကျချောင်းရေဖြင့် မျောပါပျက်စီးသွားသည့်တံတားများမှာ တမန်းသားတံတားနှင့် လက်ယာချောင်းတံတားတို့ဖြစ်သည်။

မောင်တောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုတံတား ၂ စင်းမှာ တောင်ကျချောင်းရေတိုက်စားပြီး ဩဂုတ်လ လဆန်းပိုင်းမှစတင်ကာ ရေထဲမျောပါ ပျက်စီးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သစ်တုံးနားခွဆုံဒေသခံတစ်ဦးက "မိုးကအဆက်မပြတ်ရွာတော့ တောင်ကျချောင်းရေက အလွန်ပြင်းတယ်။ တံတားက သစ်သားတံတား ‌ တွေဆိုတော့ ရေစီးနဲ့မျောပါသွားရတာ။ တံတားနှစ်စင်းလုံး မျောပါသွားတော့ သွားရလာရ အတော်လေးခက်ခဲနေကြရတယ်"ဟု ပြောသည်။

တမန်းသားတံတားသည် အလျားပေ ၁၅၀ ၊ အနံ ၁၂ ပေရှိပြီး လက်ယာချောင်းတံတားမှာ အလျား ၂၀၀ ပေ၊ အနံ ၁၂ ပေရှိသည်ဟု သိရသည်။

ထိုတံတားနှစ်စင်းသည် မောင်တောမြောက်ပိုင်းရှိ မြဝတီ၊ သက်ကိုင်ညှာ၊ နတ်ချောင်း၊ နန်းရာကိုင်း၊ တမန်းသား၊ သစ်တုံးနားခွဆုံ၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ ငါးရံချောင်း၊ ဝေလာတောင်၊ ကာလာဒေဘတ်၊ ရဲအောင်စံရဖွေ၊ ကြောင်နဖေ၊ ရဲအောင်ချောင်း၊ မင်္ဂလာညွန့်၊ အောင်သပြေ၊ တပ်ချောင်း၊ အင်တူလာ၊ ဘယ်တူလာ၊ ဘောင်းဘီ၊ ဒုံးညို၊ ပျားရည်၊ ဗန္ဓုလ စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၃၀ ခန့်က သွားလာအသုံးပြုနေရသည့်တံတားများဖြစ်သည်။

ထိုတံတားနှစ်စင်းအား လက်ရှိအချိန်အထိ ပြန်လည်မပြုပြင်နိုင်သေး၍ ဒေသခံများ ခက်ခက်ခဲခဲဖြတ်ကူးနေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက "ဝါးဖောင်တွေမှာ လူနဲ့ ဆိုင်ကယ်တွေတင်ပြီး ခက်ခက်ခဲခဲ ကူးနေကြရတယ်။ ကုန်သယ်ယူရတာ ပိုပြီးအကုန်အကျများသွားတယ်။ တင်ခ၊ ချခ၊ ချောင်းကူးဖို့ ဖောင်(ကတိုး)ခတွေပေးရလို့ အကုန်အကျများနေရတယ်"ဟု ပြောဆိုသည်။

အဆိုပါတံတားနှစ်စင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှသ် မိုးတွင်းကတစ်ကြိမ်နှင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းကတစ်ကြိမ် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့သေးသည်။

ဆက်စပ် သတင်းများ