စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်ရှိ စစ်ဘေးရှောင်များလည်း အရေပြားရောဂါဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 726

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၂၉/ ၂၀၂၄

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းရှိ ကျေးရွာအချို့တွင် နေထိုင်သည့် စစ်ဘေးရှောင်များ၌ အရေပြားရောဂါ(ယားနာ)များဖြစ်ပွားနေကြောင်း သိရသည်။

အလယ်ဖရုံကာကျွန်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု (၁၃၀) ခန့် ခိုလှုံနေထိုင်ကြသည့် ကျေးရွာတစ်ခုအပါအဝင် အခြားကျေးရွာအချို့ရှိ စစ်ဘေးရှောင်များသည် ဖျားနာမှုများရှိသည့်အပြင် အရေပြားရောဂါ (ယားနာ) များလည်း ဖြစ်ပွားနေကြသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

"လူတွေက ဖျားကြတယ်။ အဒေါ်တို့အိမ်မှာ လူ ငါးယောက်ရှိတာမှာ လေးယောက်က ဖျားတယ်။ တခြားသူတွေလည်း ဖျားကြတယ်။ တုတ်ကွေးတော့ မဟုတ်ဘူး။ အအေးမိတယ်။ ဖျားကြတယ်။ အဲလိုပဲ ဖြစ်နေကြတယ်။ ပြီးတော့ ခန္ဓာတွေလည်း ယားကြတယ်။ ဝဲတွေ ပေါက်ကြတယ်။ အဲလို ယားနာတွေကတော့ ကလေးငယ်တွေချည်းပဲ ဖြစ်တာမဟုတ်ဘူး။ လူကြီးတွေလည်းဖြစ်တယ်" ဟု‌ပြောသည်။



 အဆိုပါ ဒေသတွင်ပေါက်တောမြို့၊ ပေါက်တောမြို့နယ်နှင့် ‌စစ်တွေမြို့ စသည့် ဒေသများမှ စစ်ဘေးရှောင် သောင်းနှင့်ချီ ခိုလှုံနေထိုင်ကြသည်ဟု သိရသည်။

ထိုရောဂါများအား ကုသရန် ဆေးဝါးလည်းအလုံအလောက်မရှိသလို ကုသစရိတ်လည်း မရှိဖြစ်နေကြသည်ဟု သူမက ဆက်ပြောသည်။

"ဆေးဝါးလည်းအလုံအလောက်မရှိဘူး။ ဆေးခန်းတွေရှိတဲ့ ကျေးရွာတွေကို သွားပြီး ကုသဖို့အတွက်လည်း ပိုက်ဆံတစ်ပြားမှလည်း မရှိဘူး" ဟု ပြောသည်။

ပေါက်တောမြို့နယ်ရှိ စစ်ဘေးရှောင်များ မည်သည့်အတွက် ယခုကဲ့သို့ ယားနာဖြစ်ပွား‌နေသည်ကို ပြောရန်ခက်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

"ယား‌နာတွေကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို
  ပြောဖို့က ခက်တယ်။ နေရာထိုင်ခင်းတွေကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ မိုးကြီးလို့ဖြစ်‌တာလား။ အပူနဲ့ အအေးနဲ့ မမျှတလို့ ‌ဖြစ်တာလားဆိုတာကိုတော့ မပြောတတ်ဘူး"ဟု ပြောသည်။




ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ (၂၀၀) ကျော်ခန့်မှာလည်း သောက်သုံးရေမသန့်ရှင်း၍ အရေပြား(ယားနာ) ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကနေ စစ်ကောင်စီက ကုန်းလမ်း‌၊‌ ရေလမ်းများအားလုံးကို ပိတ်ဆို့လိုက်၍ ပြည်သူများမှာ စားသောက်ကုန်၊ ဆေးဝါးနှင့် အခြေခံ လူသုံးကုန်ပစ္စည်းများပါမကျန် ပြတ်လပ်သွားခဲ့ရသည်။

ထို့အပြင် စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများကိုလည်း စစ်ကောင်စီက ကန့်သတ်လိုက်သဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ ထမင်းငတ်မည့်အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

 

ဆက်စပ် သတင်းများ