စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

သံတွဲမောင်ရွှေလေးရေတပ်နဲ့ မောင်တော နခခ (၅)တွင် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဟု AA ပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ ဩဂုတ် ၂၉/၂၀၂၄

အာရက္ခတပ်တော် ( AA)မှ သံတွဲမြို့နယ်ရှိ နောက်ဆုံ လက်ကျန်စခန်း မောင်ရွှေလေးရေတပ်နှင့် မောင်တောမြို့မှ တစ်ခုတည်းသော လက်ကျန်စစ်စခန်း နခခ (၅) တို့အား ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း အာရက္ခတပ်တော်( AA)  ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ နေ့လယ်ပိုင်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“မောင်ရွှေလေး ကွင်းဝိုင်းရေတပ်စခန်းကတော့ မကျသေးပါဘူး။ ကစဉ့်ကလျားဖြစ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း ဆက်ပြီးခုခံနေတာရှိတယ်။ ထွက်ပြေးနေတဲ့သူတွေကိုလည်း ကျနော်တို့ဖက်က လိုက်လံဖမ်းဆီးနေတာရှိတယ်။ စစ်ကောင်စီရေတပ်သင်္ဘောတွေကလည်း မရပ်မနား ပစ်ခတ်နေတယ်။ တချို့နေရာတွေမှာ စစ်အင်အားထပ်ဖြည့်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ရှိတယ်။ဒါကြောင့် တိုက်ပွဲတွေဟာ ဆက်ပြီးပြင်းထန်နေတယ်”ဟု ပြောဆိုသည်။

အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်​တောင်ဘက်ပိုင်းတွင် မောင်ရွှေလေးရေတပ်သာမက ဂွမြို့နယ်အတွင်းထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ နောက်ပြီး ကျိန္တလီမြို့နဲ့ဆက်စပ်တဲ့နေရာတွေ၊ ကျိန္တလီကနေ ဂွဖက်သွားလမ်း အဲ့ဒီဖက်တွေမှာလည်း တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်။ ရန်သူကလည်း လူအင်အား၊ လက်နက်အင်အားတွေဖြည့်ပြီး ခုခံနေတာရှိတယ်။ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်။”

မောင်တောမြို့မှ တစ်ခုတည်းသော လက်ကျန် စစ်စခန်း နခခ (၅) အား အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဟု ကျယ်ပြန့်စွာသတင်းများ ထွက်ပေါ်နေသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

ဦးခိုင်သုခက “မောင်တောမှာတော့ မောင်တောမြို့နယ်မြေအများစုဟာ ကျနော်တို့ သိမ်းပိုက်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ စစ်ကောင်စီက သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်မွတ်ဆလင်တွေ၊ အစွန်းရောက် အကြမ်းဖက်အဖွဲ့မျိုးစုံ၊ အဲ့ဒီ အကြမ်းဖက်အဖွဲ့တွေဟာ နည်းမျိုးစုံနဲ့ အသွင်မျိုးစုံယူပြီးခုခံနေကြတာရှိတယ်။ တချို့အကြမ်းဖက်အဖွဲ့တွေဆိုရင် ရွာထဲမှာ ပြည်သူတွေကိုဓားစာခံလုပ်ပြီး ခုခံနေကြတာ ရှိတယ်။ တချို့ဆိုရင် အရပ်သားအသွင်ယူပြီး ကိုယ်ယောင် ဖျောက်လှုပ်ရှားနေကြတာရှိတယ်။ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ပြင်ထန်နေတုန်းပဲရှိပါသေးတယ်”ဟု ပြောသည်။

ယခုကဲ့သို့ အသွင်အမျိုးမျိုးယူ၍ ခုခံတိုက်ခိုက်နေသဖြင့် အာရက္ခတပ်တော်က စနစ်တကျဖြင့် ချေးမှုန်းတိုက်ခိုက်နေရသည်ဟု ပြောဆိုသည်။

“ ဒါကြောင့် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့အန္တရာယ်ဟာ ဆက်ပြီး ရှိနေတဲ့အတွက် ဒါဟာ ပြည်သူလူထုရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်။ ဒါကြောင့် ကျနော်တို့ကနေပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ ဖက်ဆစ်စစ်ကောင်စီကို ကျနော်တို့ဟာ ဆက်ပြီး စနစ်တကျနဲ့ ချေမှုန်းတိုက်ခိုက်မှုတွေလုပ်နေတယ်”ဟု ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် မောင်ရွှေလေးရေတပ် မကျရန် စစ်ကောင်စီ ရေတပ်နှင့် လေတပ်က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေသလို မောင်တောမြို့ နခခ (၅) မကျစေရန်လည်း လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်တွင် တိုက်ပွဲဝင်နေသည့် အာရက္ခစစ်သည်တော်များအားတွေ့ရစဉ် (ဓာတ်ပုံ-ပေးပို့)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!