စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

AA ထိုးစစ်အတွင်း သံတွဲမြို့ မောင်ရွှေလေး ရေတပ်မှ တပ်ကြပ်ကြီး ၃ဦး ထပ်မံသေဆုံးခဲ့ဟု ဒေသခံတွေပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၂၉ / ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့ရှိစစ်ကောင်စီနောက်ဆုံးခံတပ် မောင်ရွှေလေး ရေတပ် စခန်း ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သြဂုတ် ၂၈ ရက်နေ့တွင် ရေတပ်မှ တပ်ကြပ်ကြီး ၃ ဦးထပ်မံ သေဆုံးသွားခဲ့ကြောင်း ရေတပ်နှင့်နီးစပ်သူများကပြောသည်။

သေဆုံးခဲ့သူများမှာ တပ်ကြပ်ကြီတင်ဦး၊ တပ်ကြပ်ကြီး သာထွန်းဖြူနှင့် တပ်ကြပ်ကြီး ကျော်သက်ထွန်းတို့ ဖြစ်သည်ဟု သိရသည်။

“ မနေ့က အေအေကရှော့တိုက်ဒုံးပစ်တာ တပ်ကြပ်ကြီး ၃ ယောက်ကျတယ်။ သူတို့က ရေတပ်ထဲမှာ သက်ကြားအိုတွေ နှစ်တွေအကြာကြီး ရှိနေပြီ။  အခုရေတပ်ထဲမှာ လူများများစားစား မရှိတော့ဘူး။ အကျအဆုံး တအားများနေတယ်။ စစ်သားမယားတွေက အလံဖြူလေးတွေလုပ်ပေးပြီး လက်နက်ချဖို့ တိုက်တွန်းနေတာ။ ဒီရက်ပိုင်းစခန်းကျနိုင်တယ်” ဟု ရေတပ်နှင့်နီးစပ်သူ သတင်းအရင်းအမြစ်က တစ်ဦးမှပြောသည်။

လက်ရှိတွင် မောင်ရွှေလေးကျေးရွာရှိ နေရာအချို့နှင့် ရွာသာယာကျေးရွာကိုလည်း အာရက္ခတပ်တော်မှ ထိန်းချုပ်ထားပြီး အဆိုပါနေရာများသည် မောင်ရွှေလေးရေတပ်ဖြင့် မိုင်ဝက်သာဝေးတော့သည်ဟု ဒေသခံတို့ကဆိုသည်။

မောင်ရွှေလေးရေတပ်အတွင်း ဗုံးထောင်ထားပြီး ရေတပ်အရှေ့ဘုရားကုန်းတွင် လက်နက်ကြီး တပ်တစ်ခုရှိနေကာ ရေတပ်ပင်လယ်ပြင်မှလည်း စစ်ရေယာဉ်များဖြင့် အေအေ၏ ထိုးစစ်အား ခုခံနေရကြောင်း ဒေသခံတို့ကဆိုသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ ရေတပ်ထဲမှာလူတောင် ၂၀ လောက်ပဲအသင့်အနေ အထားရှိနေတယ်။ အလံဖြူထောင်ဖို့လဲ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေထွက်နေတယ်။  ထွက်ပြေးတဲ့ စစ်သားတချို့ကို အေအေက ကျောက္ကလပ်နဲ့ ရွာသာယာမှာ ဖမ်းမိထားတယ်။ မောင်ရွှေလေး ရေတပ်ကို အေအေက စနိုက်ပါတွေတဲ့ ချိန်ထားတယ်။ စစ်ရေယာဉ်တွေကလဲ မောင်ရွှေလေးရေ တပ်ကို အေအေ ဝင်ရင် ပစ်မယ့်သဘောနဲ့ ချိန်ထားတယ်လို့ ကြားရတယ်။ တပ်ထဲက စစ်သား အများစုက စစ်ရေယာဉ်နဲ့ ဘုရားကုန်းပေါ်မှာရှိနေတယ်။ ရေတပ်သားတွေက ထွက်ပြေးဖို့အဆင်သင့်ပြင်ထားတော့ ရေတပ် ကျပြီလို့ တချို့ကပြောမေးကြတာပေါ့။ ဒီရက်ပိုင်းကျ ကိုယ်ကျတော့မှာ” ဟုပြောသည်။

မောင်ရွှေလေးရေတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့ကလည်း  အာရက္ခတပ်တော် (AA) က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းနှင့် တပ်ကြပ်ကြီးရဲဝင်းတို့ အပါအဝင် ရေတပ်သား အနည်းဆုံး ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရ သည်။

ထို့အပြင် ရေတပ်နှင့် တမိုင်ခန့်ကွာဝေးသော မော်ရုံကျေးရွာကို ဩဂုတ်လ ၂၇ရက်နေ့တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား တချို့သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီနောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ် စခန်းမကျရေးအတွက် လေကြောင်းက ပစ်ကူပေးနေပြီ အနီးဝန်းကျင်ရှိ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက် နေကြောင်းသိရသည်။

အဆိုပါရေတပ်စခန်းကို ကာထားသည့် ငပလီကမ်းခြေမှ  ‌နောက်ဆုံးခုခံနေသည့် ဂျိတ္တောကျေးရွာ ကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။

အာရက္ခတပ်တော်သည် ငပလီကမ်းခြေတကြောရှိ မြပြင် ၊ လင်းသာ ၊ ဂျိတ္တော ၊ ဇီးဖြူကုန်း ၊ မဇင် ၊ ဂေါ့ စသည့် ကမ်းမြောင်တစ်ခုလုံးနှင့် ဟိုတယ် ဇုံတစ်ခုလုံးကို သိမ်းပိုက်ထားပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီး ဖြစ်သည်။

မောင်ရွှေလေးရေတပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တိုက်ပွဲမှာ တစ်လကျော်ကြာနေပြီဖြစ်သည်။

စစ်ကောင်စီသည် မောင်ရွှေလေး ရေတပ်စခန်း တပ်မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှ စစ်ကူဖြည့်ကာ ခုခံမှုပြုလုပ်နေသော်လည်း သံတွဲရှိ နောက်ဆုံး လက်ကျန်  ရေတပ်စခန်းကိုပါ ဆုံးရှုံးရမည့်အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ပုံစာ-သံတွဲရှိ မောင်ရွှေလေးရေတပ် ကို စစ်ခေါင်းဆာင်သွားရောက်ခဲ့စဉ်။

ဆက်စပ် သတင်းများ