ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

အမ်းသို့ ဦးတည်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၍ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦးခန့်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၃၀/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်ဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)က ကြားဖြတ်တိုက်ခိုက်၍ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် ၂၉ ရက်၊ နံနက် ၅ နာရီကျော်တွင် ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၅)မှ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီယာဉ် ၂ စီးကို မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ပဒါန်း-အမ်း လမ်းပိုင်း စပ်စီကျေးရွာ အထက် မီတာ ၂၀၀၀ ခန့်အကွာတွင် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု PRA က ထုတ်ပြန်ထားသည်။

မိုင်းဆွဲပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူများကို သယ်ဆောင်ကာ ပဒါန်းဘက်သို့ ပြန်ဆင်းလာစဥ် စပ်စီကျေးရွာအထက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက် နံနက် ၁၀ နာရီခန့်တွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကပစ(၁၄)မှ ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထိခိုက်သေဆုံးခဲ့သည်ဟု PRA-Magway ၏ စစ်ဦးစီးချုပ် နောင်သူရိန်က နိရဥ္စရာကို အတည်ပြု ပြောသည်။

"တိုက်ပွဲထဲမှာတော့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတွေမရှိခဲ့ဘူး။ စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုကတော့ ဒီတက်လာတဲ့လူနာတင်ကားတွေရဲ့အခြေအနေအရတော့ ၁၅ ယောက်လောက်ရှိနိုင်တယ်လို့ ကျနော်တို့ခန့်မှန်းရတယ်ပေါ့နော်"ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီဘက်မှ ကားတစ်စီးလည်း သုံး၍မရအောင် အထိ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် ဗိုလ်ကြီးမျိုးကျော်သူသည် ငဖဲမြို့ရှိ စစ်မှုထမ်းကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ယူထားသူဖြစ်သည်ဟုလည်း PRA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။




ယခုတိုက်ပွဲအတွင်း အခြေအနေအမျိုးမျိုးကြောင့် ရှင်းလင်းရေး မလုပ်နိုင်ခဲ့၍ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု မရှိခဲ့ဟုလည်း ထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲကိုဖော်ဆောင်ခဲ့သည့် PRA သည် မင်းဘူးခရိုင်အတွင်းအခြေပြုလှုပ်ရှားပြီး ပဒါန်း-အမ်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ရေးဖော်ဆောင်လျက်ရှိသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် ပဒါန်း-အမ်းလမ်းပိုင်းသည် ရခိုင်ပြည်အတွင်း အဝင်အထွက် လမ်းပေါက်များထဲမှ တစ်ခုဖြစ်သည်။

အာရက္ခတပ်တော်(AA)က အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ထိုးစစ်ဆင် တိုက်ခိုက်လာပါက နပခ ထွက်ပြေးလာနိုင်သည့် လမ်းကြောင်းဖြစ်သည်ဟုလည်း သိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မင်းဘူး- အမ်းကားလမ်းမပေါ်တွင်လည်း အင်အား ၂၀ ခန့်ပါ ကင်းရှည်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့သည် ဩဂုတ်လ ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားသည်ဟု ACDF က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - PRA(Magway)

ဆက်စပ် သတင်းများ