သဉ္ဇာနွယ်
နိရဉ္စရာ၊ ဩဂုတ် ၃၀/၂၀၂၄
စစ်ကောင်စီ၏ နေဗီက ပစ်ခတ်မှုကြောင့် ၇ခိုင်ပြည်၊ ပေါက်တောမြို့နယ်မှငါးဖမ်းသမားနှစ်ဦးတွင် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
ပြင်းထန်ဒဏ်ရာရရှိသွားသူများမှာ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာမှ ဦးဝင်းဝင်း (၄၂)နှစ်နှင့် ဦးလှယဉ် (၅၈)နှစ်ဖြစ်သည်။
၎င်းတို့သည် ယမန်နေ့ ဩဂုတ် ၂၉ ရက်၊ ည ၁၁ နာရီခန့်က စစ်တွေမြစ်အတွင်းငါးဖမ်းနေစဥ် စစ်တွေပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီကလက်နက်ကြီးဖြင့်လှမ်းပစ်ခဲ့သည်ဟု ကြိမ်ခွေမော်ကျေးရွာသားတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။
"ကြိမ်ခွေမော်တို့၊ ဆင်တက်မော်တို့ဘက်ကဒေသခံတွေက ရေလုပ်ငန်းလုပ်ကိုင်ကြတယ်။ပိုက်တွေဘာတွေချတယ်။ အဲလိုငါးဖမ်းထွက်တုန်း စစ်တွေပင်လယ်ပြင်မှာရပ်ထားတဲ့နေဗီကလှမ်းပစ်လိုက်တာပါ"ဟုပြောသည်။
လက်နက်ကြီးကျည်ကြောင့် ၎င်းတို့နှစ်ဦးမှာခန္ဓာကိုယ်အနှံ့အပြားဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟုနောက်ထပ် ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
"သူတို့နှစ်ယောက်မှာ ပေါင်တို့၊ ကျောကုန်းတို့မှာ ကျည်စတွေထိသွားတော့ ဒဏ်ရာကပြင်းတယ်" ဟုပြောသည်။
ပေါက်တောမြို့ကို အာရက္ခတပ်တော်(AA) က ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက သိမ်းပိုက်ထားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပေါက်တောမြို့နယ်ရှိ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ဆင်တက်မော်၊ သဲခုံစသည့် အနည်းဆုံးကျေးရွာ ၄ ရွာကို စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
စစ်ကောင်စီသည် ပေါက်တောမြို့နယ်အပါအဝင် AA ကသိမ်းပိုက်ထားသည့်မြို့နယ်များကို လေကြောင်းနှင့်ရေကြောင်းတို့မှဗုံးကြဲတိုက်ခိုက်နေသလို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းအချို့နှင့်စစ်တွေပင်လယ်ပြင်ရှိ နေဗီပေါ်မှလည်းလက်နက်ကြီးကျည်များမကြာခဏလှမ်းပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိနေကြောင်းဒေသခံများကပြောသည်။