အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ် ရေကျော်ရွာရှိ စစ်ဘေးရှောင် လူငယ် ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 418

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၃၀/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ရေကျော်ရွာတွင် စစ်ဘေးရှောင်နေသည့် လူငယ် ၁၂ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၉ ရက်၊ ညနေ ၆ နာရီခန့်က ဂွမြို့ပေါ်တပ်ရင်းများမှဆင်းလာသည့် စစ်ကောင်စီ တပ်သားများက ရွာထဲသို့ ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဂွဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“တပ်ရင်းက ဘယ်တပ်ရင်းက အတိအကျတော့မပြောနိုင်ဘူး။ ဂွမြို့ပေါ်ကတပ်ရင်းတွေက စစ်ကောင်စီ တပ်သားတွေ ရွာကို အိမ်စီးကားရယ်၊ စစ်ကားနဲ့လာပြီး လူငယ် ၁၂ ယောက်ထက်မနည်းကို စစ်ဆေးမယ် ဆိုပြီး ဖမ်းသွားတာ။ ဒီနေ့အထိ အဆက်အသွယ်မရသေး” ဟု ပြောသည်။

ထိုလူငယ်များသည် ရေကျော်ကျေးရွာသို့ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာနှင့် ဂျိတ္တောကျေးရွာများမှ စစ်ဘေးရှောင်ရန်ရောက်ရှိနေသူများဖြစ်သည်ဟု သိရသည်။

ထိုလူငယ်များကို မဖမ်းမီ ယမန်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါစစ်ကောင်စီအဖွဲ့ဝင် ၆၀ ခန့်သည် အိမ်စီးကားနှင့် စစ်ကားများဖြင့် ရွာထဲသို့ ရောက်ရှိလာပြီး ရွာသားများအားလုံးကို စစ်ဘေးရှောင်များ ခိုလှုံနေကြသည့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းသို့ တစ်ယောက်မှ မကျန် လာရောက်ကြရန်ဟု အမိန့်ပေး၍ ရွာသားများကို စစ်ဆေးခဲ့သည်ဟု နောက်ထပ် ဂွဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ရွာသားတွေကိုရော၊ စစ်ဘေးရှောင်တွေ၊ ကျား/မ မရွေးအကုန်စစ်ဆေးတယ်။ လူငယ်ပိုင်း ယောက်ျားလေး မိန်းကလေးတွေကို တံတောင်ဆစ်၊ ဒူးခေါင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကိုစစ်တယ်။ AA ဆီက စစ်သင်တန်းဆင်းထားတဲ့သူလားဆိုပြီး။ အဲလိုစစ်ဆေးပြီးနောက်မှ ညနေဘက်ရောက်လာမှ ရွာကို နောက်တစ်ခေါက်လာပြီး အဲ့ဒီလူငယ်တွေကို ဖမ်းသွားတာပါ” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်အများစုမှာ ဂျိတ္တောကျေးရွာမှ စစ်ရှောင်များဟု နိရဥ္စရာက စုံစမ်းသိရှိရပြီး အမည်နှင့်အသက်ကို စုံစမ်းနေဆဲဖြစ်သည်။

ထိုလူငယ်တို့ကို ဖမ်းဆီးရခြင်းမှာ ‌ဒေသစကားပြောဆိုမှုမတူခြင်းကြောင့် AA ဟုထင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဥ္စရာကိုပြောသည်။

“ဂျိတ္တောဖက်မှာက ရေလုပ်ငန်းလုပ်ကိုင်ကြတယ်။ မြောက်ဦး၊ ကျောက်တော်ဖက်ကလူတွေလည်း အရင်ကတည်းက ဂျိတ္တောကိုလာပြီး ငါးဖမ်းလုပ်ငန်းလုပ်စားကြတာရှိတယ်။ သူတို့က သံတွဲဖက်က လူတွေရဲ့ပြောတဲ့စကားနဲ့မတူကြဘူး။ အခုအဖမ်းခံရတဲ့သူတွေကလည်း သူတို့နဲ့စကားမတူဘူး။ AA ဖြစ်နိုင်တယ်ဆိုပြီးဖမ်းသွားတာ”ဟု ပြောသည်။

ရေကျော်ကျေးရွာတွင် သံတွဲ၊ ဆင်ခေါင်း၊ ဂျိတ္တောကျေးရွာများမှ စစ်ဘေးရှောင် ၅၀၀ နီးပါးအထိ ခိုလှုံနေကြကြောင်း သိရသည်။

ရေကျော်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့် တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

 

ဆက်စပ် သတင်းများ