အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတိုက်ပွဲတွင် အထိနာသွားခဲ့၍ အခဲမကျေဖြစ်နေသော စစ်ကောင်စီသည် နေရာအများအပြားကို လက်နက်ကြီးများဖြင့်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၃၀/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မင်းလှကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာသွားပြီးနောက် အခဲမကျေဖြစ်နေသော စစ်ကောင်စီသည် တစ်ရက်နှင့်တစ်ညလုံး လက်နက်ကြီးများဖြင့် နေရာအများအပြားကို ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။ 

ဒေသခံတစ်ဦးက “ စစ်တွေအခြေစိုက်  ပါဒလိတ်တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်ကိုရော၊ တိုက်ပွဲနဲ့ မဆိုင်တဲ့နေရာတွေကို  လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ရမ်းသမ်း ပစ်ခတ်နေပါတယ်”ဟု ပြောသည်။

ဩဂုတ်လ ၂၉ ရက်၊ ညနေ  ၃  နာရီခန့်က စစ်တွေမြို့နယ်၊ မင်းလှ(ခေါ်) မီးလောင်ရွာ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သည် ကျဆုံးမှုအများအပြားဖြင့် နောက်ဆုတ်သွားခဲ့သည်။

၎င်းနောက် ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းနှင့် ညအချိန်တို့တွင် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။

"ပါဒလိတ်တပ်ရင်းက ဩဂုတ် ၃၀ ရက်  ည ၈ နာရီလောက်ကနေ လက်နက်ကြီး ၆ လုံးပစ်ခဲ့တယ်။ ပုဏ္ဏားကျွန်းဘက်ကို ထင်တယ်။ မီးရဲလို့ လက်နက်ကြီးအလုံးတွေ ပစ်နေတာ တွေ့ရတယ်။ အသံတော့ မကြားရဘူး။ ညအချိန်ဖြစ်လို့မြင်ရတာ။ အဓိက အဲ့ဘက်မှာ အေအေ ရှိတယ်ထင်လို့ လှမ်းပစ်တယ်နေမှာ။ နေ့ခင်းဘက်လည်း ပစ်တယ်။ မမြင်ရတော့ ဘယ်လောက် ပစ်လဲ။ သေချာမပြောနိုင်ဘူး။ မီးခဲလုံးဘဲမြင်ရတယ်။ အသံမကြားရလို့လေ "ဟုပြောသည်။

စစ်တွေပါဒလိတ်တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့နယ်အထိ မြေကြီးများတုန်ခါသွား၍ မြောက်ဦးမြို့ခံများမှာ စိုးရိမ်နေကြကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

"စစ်တွေဘက်က လက်နက်ကြီး ပစ်သံတွေကြားရနေရတယ်။ မြေကြီးပါလှုပ်ခါသွားတယ်။ ဘယ်နားမှာ ကျလဲတော့မသိဘူး။ ကလေးတွေက ကြောက်လို့ ဗုံးခိုကျင်းထဲ ဝင်အိပ်ဖို့ တောင်းနေတာ" ဟုပြောသည်။

စစ်တွေမြို့နယ်၊ မင်းလှ(ခေါ်) မီးလောင်ရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံး အများအပြားရှိပြီး လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ခု နိရဉ္စရာသတင်းသို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ကူပေးခဲ့ရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာသို့ ကျရောက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း သိရသည်။

စစ်ကောင်စီသည် ဩဂုတ် ၂၉ ရက်အကုန် ၃၀ ရက်နေ့ အရောက် ညအချိန် နံနက် (၃) နာရီကျော်ခန့်တွင်လည်း အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သလို နေ့လယ်ပိုင်းတွင်လည်း တစ်ဖန်ပြန်ပြီး လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးသို့ လာရောက်ဗုံးကြဲခဲ့သည်ဟု သိရသည်။

 

ဓာတ်ပုံ - ပုံဟောင်း

 

 

ဆက်စပ် သတင်းများ