အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရန်ကုန်ရောက် စစ်ဘေးရှောင်ရခိုင်လူမျိုးများ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၃၀ /၂၀၂၄

ရခိုင်တွင် တိုက်ပွဲများကိုကြောက်၍ ရန်ကုန်သို့ စစ်ဘေးရှောင်ခဲ့ကြသည့် ရခိုင်လူမျိုး အများစုသည် လူမျိုးရေးခွဲခြားမှု အပါအဝင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ နေကြရသည်ဟု သတင်းရရှိသည်။

ရန်ကုန်သို့ စစ်ဘေးရှောင်လာကြရာတွင် ရခိုင်ဆိုလျှင် အိမ်လခများ ပိုတောင်းမှု၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများက ဧည့်စာရင်းတိုင်ရာတွင် ပညာပြ ငွေကြေးပိုတောင်းခံမှု၊ သားယောကျ်ားများပါလာလျှင် စစ်မှုထမ်းဥပဒေကို ပြ၍ ငွေညစ်မှု၊ ခရီးသွားလာရာတွင် ရခိုင်ဆိုလျှင် ကားလက်မှတ် ရောင်းချရန် ငြင်းပယ်ခံရမှု စသည့် နည်းလမ်းအများအပြားဖြင့် ခွဲခြားဆက်ဆံ ခံနေရသည်ဟု ရန်ကုန်ရောက် ရခိုင်လူမျိုးတစ်ဦးက ပြောကြားသည်။

ရန်ကုန်ရောက် ရခိုင်တစ်ဦးက “ တချို့လည်း တိုင်းရင်းသားစိတ်ဓာတ်နဲ့ ကူညီကြတယ်။ သာမာန်အရပ်သား ပြည်သူတွေကတော့ ခွဲခြားဆက်ဆံမှု သိပ်မရှိကြပါဘူး။ အဓိက ပိုဆိုးတာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတို့၊ အိမ်ငှားတို့ဆိုရင် အရမ်းဆိုးတယ်။ ဒီလ အိမ်ငှားခ တမျိုး၊ နောက်လာကျရင် တမျိုး၊ ပုံစံမျိုးနဲ့ အိမ်လခကို တင်တောင်းကြတယ်”ဟု ပြောသည်။

ရန်ကုန်တွင် အိမ်ခန်းငှားခစရိတ်မှာ ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ၂ ဆခန့် မြင့်တက် သွားသဖြင့် စစ်ဘေးရှောင်သူများမှာ နေထိုင်ရန်အတွက်ကိုပင် ငွေကြေးမတတ်နိုင်၍ ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

ယခင်က ၇ လွှာ၊ ၈ လွှာတိုက်ခန်းငှားခ တစ်လလျှင် ယခင်က ကျပ် ၁ သိန်းကျော် နှစ်သိန်း နီးပါးရှိခဲ့ရာမှ ယခုဆိုလျှင် ၃ သိန်းခွဲအထိလည်းကောင်း၊ ၃ လွှာဆိုလျှင် ယခင်က ကျပ် ၂ သိန်း- ၃ သိန်းမှ ယခုအခါ ကျပ် ၅ သိန်းအထိလည်းကောင်း၊ အောက်ထပ်ဆိုလျှင် ယခင်က ကျပ် ၄ သိန်း  ၅ သိန်းရှိခဲ့ရာမှ ယခုဆိုလျှင် ၁၂ သိန်း၊ ၁၃ သိန်းအထိရှိသည်ဟု ရန်ကုန်ရောက် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“အသက်ကြီးပိုင်းတွေ ကလေးတွေပါလို့၊ လှေကားနဲ့မတက်နိုင်လို့ အိမ်အောက်ခန်း ငှားမယ် ဆိုလည်း စျေးကမတတ်နိုင်။ မတတ်သာလို့ အပေါ်ဆုံးထပ်မှာ နေကြရတယ်။ တချို့ဆို တန်းလျားတွေမှာ နေကြရတယ်။ စျေးပေါတဲ့နေရာဆိုရင်လည်း မကောင်းစရိုက်ရှိတဲ့ လူတွေများတော့ လုံခြုံမှုမရှိဘူး”ဟု ပြောသည်။

ယင်းအပြင် အိမ်ခန်းငှားမည်ဆိုပါက ရခိုင်ဆိုလျှင် စျေးပို‌တောင်းပြီး မငှားတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ယင်းအပြင် အိမ်ခန်းငှားနေသူများတွင် ဆွေမျိုး၊ မိသားစုများ နေထိုင်ရန် ထပ်မံ ရောက်ရှိလာပါက အိမ်ခန်းကိုဆက်မငှားတော့ဘဲ မောင်းချသည့် ဖြစ်စဥ်များလည်း ရှိသည်ဟု ရန်ကုန်တွင် စစ်ရှောင်နေသည့် စစ်တွေမြို့ခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“အခန်းငှားမယ်ဆိုရင် ရခိုင်တွေကို စျေးပို‌တောင်းတယ်။ ပြီးတော့ နောက်တစ်ခုဆိုးတာက ရခိုင်မှာ အခြေအနေမကောင်းလို့ ရန်ကုန်က မိသားစုဆီကိုလာတယ်ပေါ့နော်။ အဲ့လိုဆိုရင် ဒီဖက်က ရန်ကုန်မှာစစ်ရှောင်ဖို့အရင်ရောက်နေတဲ့ မိသားစုငှားနေတဲ့အိမ်ခန်းပိုင်ရှင်တွေက လူပိုတွေလာလို့ဆိုပြီး ဆက်မငှားတော့ဘူး။ မောင်းချတာတွေရှိတယ်။ ပြီးတော့ ရခိုင်ဆိုရင် မငှားတော့တဲ့ ဖြစ်စဥ်မျိုးနဲ့လည်း ကြုံရတယ်”ဟု ပြောသည်။

လက်ရှိ ကျောက်မြောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ဒေါပုံစသည့် မြို့နယ်များတွင် ယခုကဲ့သို့ အိမ်ငှားခများ အဆမတန်မြင့်တက်ခြင်းများကြုံနေရကြောင်း သိရသည်။

၄င်းမြို့နယ်များအပါအဝင် နောက်ထပ်မြို့နယ်များမှာလည်း ငှားနေသည့် အိမ်ခန်းများကို ဆက်လက်နေထိုင်ခွင့်ရရှိရန်အတွက် သက်တမ်းတိုးမည်ဆိုပါကလည်း ယခင်စျေးနှင့်မတူဘဲ ငှားခပိုတောင်းခံသည့်အတွက် အခက်အခဲဖြစ်နေကြရကြောင်း စစ်‌ရှောင်များက ပြောသည်။

ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေး အခက်အခဲအပြင် စစ်ကောင်စီထံ မထင်မှတ်ဘဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှုများလည်း များနေသည်ဟု သိရသည်။

ယင်းကြောင့် လူငယ်/လူရွယ်တစ်ချို့မှာလည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရမည် စိုးသဖြင့်  လုပ်ငန်းခွင်ကိုမသွားကြဘဲ မိမိနေအိမ်တွင်သာ နေထိုင်နေကြရသည်ဟု စစ်ရှောင်လူငယ်တစ်ဦးက နိရဥ္စရာကိုပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းတိုင်လျှင်လည်း မတူမတန်ဆက်ဆံခံရသလို နည်းမျိုးစုံဖြင့် ငွေပိုတောင်းခံမှုများ ကြုံနေကြရသည်ဟု ဆိုသည်။

ရန်ကုန်‌ရောက် ရခိုင်က စစ်ရှောင်အများစုမှာ လုံခြုံမှုမရှိတော့သည့်အတွက်  မိမိနေရပ်ကို ပြန်ချင်သူများလည်း များပြားနေကြောင်း သိရသည်။

၁၁/ မျဥ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သည့် ရခိုင်လူမျိုးများကိုလည်း ရန်ကုန်တွင် ခရီးသွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ