စနေ၊ အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်မှ ရခိုင်သို့ပြန်လာသည့် အမျိုးသားတစ်ဦး ရခိုင်ရိုးမတောင်ကျချောင်းရေနှင့် မျောပါပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6.4k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၃၁ / ၂၀၂၄

စစ်ကောင်စီက လမ်းများပိတ်ဆို့ထား၍ ရန်ကုန်မှ ရခိုင်ပြည်သို့ ရခိုင်ရိုးမတောလမ်းအတိုင်း ပြန်လာသည့် အမျိုးသားတစ်ဦးသည် တောင်ကျချောင်းရေစီးဆင်းနေသည့်ချောင်းကို ဖြတ်ကူးရာ ရေစီးနှင့်မျောပါပျောက်ဆုံးနေကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ပျောက်ဆုံးနေသူမှာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်မှ ဦးညီညီမောင်(၄၆)နှစ်ဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်တွင် မလေးရှားနိုင်ငံမှ ရန်ကုန်သို့ပြန်လည်ရောက်ရှိခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးညီညီမောင်နှင့်အတူ အမျိုးသမီးများအပါအဝင် ရခိုင်ရွှေ့ပြောင်းလုပ်သား ၂၁ ဦးခန့်သည် ရန်ကုန်မှ မကွေးတိုင်းဘက်သို့ တဆင့်သွားရောက်ပြီး ယင်းမှတဆင့် ဩဂုတ်လ ၁၇ ရက်တွင် ဒေသကျွမ်းကျင်သည့် လမ်းပြများငှားရမ်းကာ ရခိုင်ရိုးမလမ်းအတိုင်း ရခိုင်ပြည်သို့ ခရီးနှင်လာခဲ့ကြခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထိုသို့တောလမ်းအတိုင်းလာကြစဥ် တောင်ကျ ချောင်းရေစီးဆင်းနေသည့် ချောင်းတစ်ခုအား လက်ပစ်ကူးခဲ့ကြရစဥ် ဦးညီညီမောင်သည် ရေစီးနှင့်မျောပါပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

"အဲဒီမှာ မတူးချောင်းလို့ခေါ်တဲ့ ချောင်းကိုဖြတ်ကူးကြရတယ်။ ဦးညီညီမောင်က အားလုံးရဲ့နောက်ဆုံးမှာမှ ချောင်းကိုဖြတ်ကူးတယ်။ အဲဒီအချိန် ရေစီးနဲ့မျောပါသွားတာပါ။ အခုထိ ဘယ်ဘက်ကိုပါသွားတယ်။ အသက်ရှင်သေးလားဆိုတာလည်း မသိရသေးဘူး။ စိတ်ပူနေကြပါတယ်"ဟု ပြောသည်။

ရခိုင်သို့ပြန်လာသည့် ဦးညီညီမောင်တို့ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ထဲတွင် သူ၏သားနှင့်ချွေးမဖြစ်သူတို့လည်းပါပြီး သူတို့မှာ လက်ရှိ ရမ်းဗြဲမြို့နယ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေကြပြီဟု သိရသည်။

ရခိုင်ပြည်သို့ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း၊ ဂွ-ငသိုင်းချောင်းလမ်းပိုင်းများမှ လာရောက်ပါက စစ်ကောင်စီ၏ဖမ်းဆီးမှုကိုခံရမည်စိုး၍ တောလမ်းအတိုင်းလာရောက်ကြရခြင်းဖြစ်ကြောင်း ဦးညီညီမောင်၏မိသားစုဝင်က ပြောသည်။

"တောလမ်းအတိုင်း ဒုက္ခခံပြီးလာရတာက အဖမ်းဆီးခံရမှာကြောက်လို့ပါ။ အခုက စစ်ပွဲလည်းဖြစ်နေတယ်။ ဖမ်းဆီးတဲ့သတင်းတွေလည်းကြားနေရလို့" ဟု ပြောသည်။

ရခိုင်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ပြည်မနှင့် ရခိုင်သို့ဆက်သွယ်ထားသောလမ်းကြောင်းဟူသမျှကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်ထားခဲဲ့ပြီး စစ်ဆေးတင်းကျပ်မှုများပြုလုပ်နေခဲ့သည်။

ယခုလက်ရှိ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနယ်စပ်တို့နှင့်ထိစပ်နေသည့် ရခိုင်မြို့နယ်များအထိ စစ်မီးအရှိန်ကောင်းလာစဥ် စစ်ကောင်စီအနေဖြင့် အဆိုပါလမ်းများကို ပိုမိုတင်းကျပ်ပိတ်ဆို့ပစ်လိုက်သည်။

စစ်ဘေးရှောင်များနှင့် ပြည်မမှ ရခိုင်ပြည်သို့ပြန်လာကြသူများကို မထင်လျှင်မထင်သလို ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - ရခိုင်ရိုးမတောထဲ ရေစီးနှင့်မျောပါပျောက်ဆုံးနေသည့် ဦးညီညီမောင်အား တွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)

 

ဆက်စပ် သတင်းများ