အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် နွားကျောင်းသွားသည့် အမျိုးသား မိုင်းနင်းမိ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 680

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ သြဂုတ် ၃၁/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်တွင် နွားကျောင်းသွားသည့် အမျိုးသားတစ်ဦးသည် မိုင်နင်းမိ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာမှ ဦးထောင်ဝေဇံ (၆၉)နှစ် ဖြစ်သည်။

ဦးထောင်ဝေဇံသည် ငှက်ပျောချောင်းကျေးရွာမှ ကျောက်ခြင်းတောင်‌ကျေးရွာသို့ နွားကျောင်းသွားစဉ် ယနေ့ဩဂုတ် ၃၁ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိခဲ့ခြင်း ဖြစ်သည်ဟု သူ၏ရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သူက နွားကျောင်းဖိုးသွားတာ ကျောက်ခြင်းတောင်ချောင်းဖက်ကို အဲ့ဒီမှာ စစ်ကောင်စီမှ ထောင်ထားတဲ့ မိုင်း ကိုနင်းမိတာပါ။ မိုင်းပေါက်သံကို ကျွန်တော်တို့က နေ့လယ် ၁ နာရီကျော်လောက်မှာ ကြားတယ်။ ရွာက လူတွေသွားကြည့်တော့ သူဖြစ်နေတယ်"ဟုပြောသည်။

မိုင်းနင်းမိ၍ သူ၏ ဘယ်ဖက် ခြေထောက် ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့တွင် မိုင်းစထိမှန်သွားသဖြင့် အရေးပေါ်‌ ဆေးကုသမှုခံယူနေစဉ် သွေးထွက်လွန်ပြီး သေဆုံးခဲ့ရသည်ဟု လိုက်ပါကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သူ့ဒဏ်ရာကပြင်းတော့ ဆေးကုသလို့မနိုင်တော့လို့ သေသွားတာပါ"ဟု ပြောသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)၏ထိုးစစ်ဝင်ရောက်လာနိုင်သည့် နေရာများကို မိုင်းများထောင်ထားပြီး ဒေသခံများမှာလည်း မကြာခဏ မိုင်းအန္တရာယ်နှင့် ကြုံ‌တွေ့နေကြရကြောင်း သိရသည်။

ရခိုင်တွင် AA က အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများရှိနေ၍ အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၁၃ ရက်၊ ညနေတွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန်လည်း AA က သတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ