အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေတွင် ငါးဖမ်းသမား ၁ ဦး သေနတ်ပစ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၃၁/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ငါးဖမ်းသမား ၁ ဦး စစ်ကောင်စီတပ်၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကို ခံလိုက်ရပြီး နောက်ထပ် ငါးဖမ်းသမား ၅ ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ စစ်တွေမြို့ စွန် ရပ်ကွက်တစ်ခု အသက် ၃၀ ကျော်ခန့်အရွယ် လူငယ်တစ်ဦး ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ဒဏ်ရာရသွားသူနှင့်တစ်ရွာတည်းနေ ကိုကုလားချေအပါအဝင် ၅ ဦးဖြစ်သည်။

သူတို့သည် သူတို့၏ရွာအနီးရှိ ဆတ်ရိုးကျချောင်းတွင် ယနေ့ ဩဂုတ်လ ၃၁ ရက်၊ နံနက်အစောပိုင်း ညအချိန် ၃ နာရီခန့်က မော်ရံငါးဖမ်းပိုက်ချ၍ ပြန်လာစဉ်ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ် ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ကိုခင်မောင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

ဒေသခံတစ်ဦးက "သူတို့ ၆ ယောက်က မော်ရံပိုက်ချပြီး ငါးဖမ်းလို့ ပြန်လာတာ။ အဲတော့ စစ်ကောင်စီ တပ်သားတွေနဲ့တွေ့ပြီး ၆ ယောက်လုံးကို ဖမ်းတယ်။ အဲဒီ အထဲက ၁ ယောက်က ကြောက်ပြီး ထွက်ပြေးတယ်။ အဲ့တော့ စစ်ကောင်စီက သေနတ်နဲ့လှမ်းပစ်တာ။ သေနတ်သံက အချက်ပေါင်း ဘယ်နှစ်ချက်တောင်မသိဘူး။ ရေတွက်လို့မရလိုက်ဘူး။ ရမ်းသန်းပစ်လိုက်တာကိုး"ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၅ ဦးကိုမူ စစ်ကောင်စီက မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိရသေးဟု ဆိုသည်။

စစ်တွေမြို့အနီး တိုက်ပွဲနီးကပ်လာပြီဖြစ်၍ စစ်ကောင်စီက မြို့သူမြို့သားများကို အသွားအလာ တင်းကျပ်ထားသလို အဖမ်းအဆီးများလည်း ကြမ်းနေဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။

တစ်ဘက်မှာလည်း စစ်ကောင်စီ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ကန့်သတ် ချုပ်ချယ်မှုများကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ကာ ဒေသနေပြည်သူများတွင် အငတ်ဘေးနှင့်ရင်ဆိုင်နေ၍ ငါးရှားဟင်းခူးရင်း စားဝတ်နေရေးကိုဖြေရှင်းနေကြရသည်ဟု သိရသည်။

ဩဂုတ် ၂၉ ရက်၊ ည ၁၁ နာရီခန့်ကလည်း စစ်တွေမြစ်အတွင်း ငါးဖမ်းနေသည့် ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာမှ အမျိုးသားနှစ်ဦးသည် စစ်တွေပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီက လက်နက်ကြီးဖြင့်လှမ်းပစ်ခဲ့၍ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ဓာတ်ပုံ - ဆတ်ရိုးချောင်းတွင်း တစ်နေရာအား တွေ့ရစဥ်။ (ပုံဟောင်း)

ဆက်စပ် သတင်းများ