အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရန်ကုန်ရောက်နွမ်းပါးသည့် ရခိုင်စစ်ရှောင်များကို နိပွန်ဖောင်ဒေးရှင်းက စားနပ်ရိက္ခာများထောက်ပံ့ရန် မြို့နယ် ၆ ခုတွင် စာရင်းကောက်ယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

သဉ္စာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁ /၂၀၂၄

ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိနေသည့် ရခိုင်ပြည်မှ နွမ်းပါးစစ်ဘေးရှောင်များကို နိပွန်ဖောင်ဒေးရှင်းက စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိသဖြင့် လက်ရှိတွင် မြို့နယ် (၆) ခုတွင် စာရင်းကောက်ယူနေသည်ဟု သိရသည်။

ရခိုင်ပြည်မှ တိုက်ပွဲကြောင့် ရန်ကုန်သို့ နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စားဝတ်နေရေး ကျပ်တည်းနေကြသော စစ်ဘေးရှောင်များကို ဆန်နှင့်ဆီများထောက်ပံ့နိုင်ရန် ရန်ကုန်ရှိ ရခိုင်အမျိုးသားကွန်ရက်(ANN)နှင့်ချိတ်ဆက် ဆောင်ရွက်နေသည်ဟု ANN ဥက္ကဋ္ဌ ကိုတင်ထူးအောင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

"အဓိက နယ်ဘက်က စစ်ဘေးရှောင်လာကြတဲ့ စားဝတ်နေရေး အကျပ်အတည်းဖြစ်နေတဲ့ သူတွေ၊ အလုပ်အကိုင်မရှိတဲ့သူတွေကို ရန်ကုန်မှာဆိုရင် မြို့ထဲမဟုတ်ဘဲ နယ်ဘက်ကျ‌တဲ့ မြို့တွေကလူတွေကို ဦးစားပေးလှူသွားမှာပါ"ဟုပြောသည်။

ယင်းသို့ ထောက်ပံ့ပေးနိုင်ရန် ရန်ကုန်သို့ရောက်ရှိနေသည့် ရခိုင်မှ စစ်ဘေးရှောင်များအနက် ဆင်းရဲနွမ်းပါးပြီး အလုပ်လက်မဲ့ဖြစ်နေကြသူများစာရင်းကို ရခိုင်အမျိုးသားကွန်ရက်က သြဂုတ်လ တတိယပတ်မှစတင်ကာ ကောက်ယူနေပြီဟု သိရသည်။

ရန်ကုန်ရှိ မှော်ဘီ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် မြောက်ဥက္ကလာစသည့် မြို့နယ် (၆)ခုတွင် စတင်ကောက်ယူနေခြင်းလည်း ဖြစ်သည်။

ယခုကောက်ယူရရှိထားသည့်စာရင်းအရ ရခိုင်မှ နွမ်းပါးစစ်ဘေးရှောင်ဦးရေ ၁၅၀၀ နီးပါးအထိ ရရှိပြီဟုလည်း ကိုတင်ထူးအောင်က ဆက်ပြောသည်။

"အခု ရခိုင်ကလာတဲ့ စစ်ဘေးရှောင်တွေပိုများလာတယ်။ အရင်ကဆို ရခိုင်မြောက်ပိုင်းပေါ့။ အခု ဒီတစ်လ၊ နှစ်လအတွင်းမှာ တောင်ပိုင်းဖြစ်တဲ့ တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ ဂွဘက်တွေကလည်း ရောက်လာကြတယ်။ ရောက်လာကြတဲ့စစ်ဘေးရှောင်တွေကို ကူညီဖို့ ပြောလာလို့ ကျနော်တို့ဆွေးနွေးတဲ့အခါမှာ ဒီဟာနဲ့ပတ်သက်လို့ နိပွန်ဖောင်ဒေးရှင်းတို့ကလည်း စစ်ဘေးရှောင်အတွက် ကူညီဖို့ရှိတယ်။ သူတို့နဲ့ချိတ်ဆက်ပြီး၊ နောက်ပြီး ပြည်တွင်းက အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ကျနော်တို့ စာရင်းကောက်ပြီး ကူညီဖို့ကြိုးစားနေပါတယ်" ဟုပြောသည်။

လောလောဆယ် စာရင်းကောက်နေဆဲဖြစ်၍ ထောက်ပံ့ပေးမည့်အချိန်အတိအကျကို မသိရသေးသော်လည်း အလှူငွေနှင့် လူဦးရေစာရင်းရရှိမှုအပေါ်မူတည်၍ အသုတ်လိုက်၊ အသုတ်လိုက် ထောက်ပံ့ပေးသွားမည်ဟုလည်း ဆက်ပြောသည်။

"ရခိုင်ကစစ်ဘေးရှောင်လာကြတဲ့သူဟူသမျှ ကျနော်တို့တတ်နိုင်သလောက်စာရင်းကောက်ပြီး လှူသွားမယ်။ ပထမတစ်သုတ်မှာ အခုကောက်ထားတဲ့ ၆ မြို့နယ်က လူဦးရေ ၁၅၀၀ လောက်ပါမယ်။ စလှူမယ့်အချိန်က ကျနော်တို့နဲ့ချိတ်ဆက်ပြီးလာလှူမယ့် အလှူရှင် အဖွဲ့အစည်းတွေ အပေါ်မှာပဲ မူတည်ပါတယ်။ အလှူငွေရရင် ရရချင်း ပေးသွားမှာပါ။ နောက်ထပ်ကျန်သေးတဲ့မြို့ကိုလည်း တတ်နိုင်သလောက် စာရင်းကောက်သွားမှာပါ"ဟု ပြောသည်။

နိပွန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံအခြေစိုက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းကလည်း ရခိုင်ရှိ စစ်ဘေးရှောင်များကို ဆန်အိတ်များလှူဒါန်းခဲ့ဖူးသည်။

နိပွန်ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌဖြစ်သူ မစ္စတာဆာဆာကာဝါသည်လည်း ရခိုင်တွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများရပ်တန့်ရန် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ အကြား ကြားဝင်ညှိနှိုင်းပေးခဲ့သူလည်းဖြစ်သည်။

ယခုကဲ့သို့ စားဝတ်နေရေးကျပ်တည်းမှုနှင့်ကြုံနေရချိန်တွင် နိပွန်ဖောင်ဒေးရှင်းနှင့်အတူ ကူညီဆောင်ရွက်ပေးနေသူများထံမှ တစ်နပ်စာအထောက်အပံ့ရသည်ကိုပင် အလွန်တရာ ကျေးဇူးတင်မိကြောင်း ရွှေပြည်သာမြို့နယ်မှ ရခိုင်စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"တိုက်ပွဲကြောင့် အခုအခြေအနေအရဆိုရင် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးလာကြရတယ်။ ပါသမျှပစ္စည်းတွေလည်းကုန်ပြီ။ အိမ်ငှားနေရတယ်။ တချို့က ဆွေမျိုးအိမ်မှာနေတယ်။ တစ်လနှစ်လကြာတော့ ဒီခေတ်မှာ အလုပ်အကိုင်ကမရှိ။ လူတစ်ဦးစားဖို့က မလွယ်ဘူး။ ကုန်ဈေးနှုန်းကလည်း ကြီးတယ်။ ဒီလိုခက်ခဲတဲ့အချိန်မှာ တစ်နပ်စာဖြစ်ဖြစ် အထောက်အပံ့ရရင် တကယ်ကျေးဇူးတင်မိမှာ"ဟု ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ဒေသခံများသည် ရခိုင်ရှိ ဘေးလွတ်ရာမြို့နယ်များနှင့် ရန်ကုန်မြို့သို့ တိမ်းရှောင်သွားခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ယခုနောက်ပိုင်း သံတွဲနှင့် ဂွမြို့နယ်တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလာမှုတို့ကြောင့် ယင်းဒေသမှဒေသခံအများအပြားသည်လည်း ရန်ကုန်နှင့် ဧရာဝတီတိုင်းဘက်သို့ တိမ်းရှောင် သွားကြရသည်။

လက်ရှိတွင် ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များသည် အိမ်ငှားခများ စျေးကြီးခြင်း၊ စားသောက်စရိတ်ကြီးမားခြင်း၊ နေထိုင်ရေး အဆင်မပြေခြင်းနှင့် အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးများလည်း အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ဓာတ်ပုံ (VOA) - ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ဆက်စပ် သတင်းများ