ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁/၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိခရိုင် (၁၁)ခုတွင် ရေကြီး၊ ရေလျှံမှုများကြောင့်အမျိုးသမီး(၆)ဦးနှင့်ကလေး (၁၂)ဦး အပါအဝင် အနည်းဆုံး လူ (၅၉)ဦး သေဆုံးခဲ့ကြောင်းလူ(၅)သန်းကျော်မှာလည်း ရေဘေးဒဏ် သင့်ခဲ့ရကြောင်း တာဝန်ရှိသူများကသြဂုတ်(၃၁)ရက်တွင်ကြေညာခဲ့သည်။
နိုင်ငံတဝန်းရေကြီးရေလျှံမှုများဖြစ်ပွားနေရမှုသည်ဘင်္ဂလားဒေ့ရှ်၊ကြားဖြတ်အစိုးရအတွက် နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလအတွင်း အကြီးမားဆုံးသော အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ်အဖြစ် ကြုံတွေ့နေ၇သည်။
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ရေလွှမ်းမိုးမှု အခြေအနေနောက်ဆုံးရသတင်း ထုတ်ပြန်ခဲ့ရာတွင် လူသေဆုံးမှု အများဆုံးသည် ကူမီလာ နှင့် ဖီနီ ခရိုင်များမှ ဖြစ်ပြီး ကူမီလာ ခရိုင်တွင်သေဆုံးသူ(၁၄) ဦးနှင့်ဖီနီ ခရိုင်တွင် သေဆုံးသူ(၂၃)ဦး အသီးသီး ရှိခဲ့သည်။
“ခရိုင်၁၁ ခုမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း (၅၄,၅၇,၇၀၂)ဦး ရေဘေးသင့်ခဲ့ရပါတယ်။ မိသားစု(ရ)သိန်းလောက် ရေဘေးသင့်ခဲ့၇ပြီး ၊ လူ ပေါင်း(၄)သိန်းနီးပါးဟာ ရေဘေးစခန်း (၃၉၂၈)မှာခိုလှုံ နေကြရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် သတင်းအေဂျင်စီဖြစ်သည့် (BSS)က ဆိုသည်။
ကျွဲ၊နွားကောင်ရေ (၃၆,၁၃၉) ကိုလည်း အဆိုပါနေရာတွင် ခိုလှုံခွင့်ပေးထားပြီးဆက်သွယ်ရေးစနစ်များ ပုံမှန် ဖြစ်လာသည့်အတွက်ပြည်သူများမှာ နေ့စဥ်အခြေအနေများ ပြန်လည်ကောင်းမွန်လာကာ နေရပ်သို့ပြန်လည်ရောက်ရှိနေကြပြီဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မြစ်ပေါင်း (၂၀၀)ကျော် ဖြတ်သန်းစီးဆင်းနေပြီး ၎င်းတို့အနက် မြစ်ပေါင်း (၅၄)စင်းသည်မြစ်ကြောင်းအထက်ပိုင်းရှိ အိန္ဒိယ၏နယ်နိမိတ်ကိုဖြတ်ကျော်ပြီး စီးဆင်းလာသည့်အဓိကမြစ်ကြီး လေးခုနှင့် ထိစပ်နေသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်ကဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (မိုးသည်းထန်စွာရွာသွန်းစေသည့်ဖြစ်စဥ်)ကြောင့် သည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်-အရှေ့မြောက်ဘက်ရှိ Meghnaမြစ်ဝှမ်းနှင့် အနောက်တောင်ပိုင်းရှိ Chattrogram Hills မြစ်ဝှမ်းတို့တွင်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီးနောက် နေရာအနှံ့ရေလွှမ်းမိုးမှုပြန့်နှံ့သွားခဲ့သည်။
နိုင်ငံအတွင်းမုတ်သုံမိုးရွာသွန်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်၊မြစ်၀ကျွန်းပေါ်ဒေသများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ရာနှစ်ပတ်ခန့်ကြာကာလအတွင်း ပျက်ဆီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်ကျွဲနွားတိရစ္ဆာန် များ စွာသေ ကျေပျက်ဆီးခဲ့၇သည်။
မိုးသည်းထန်စွာရွာသွန်းခြင်းအပြင်မြစ်ရေလျှံခြင်း၊ အယ်နီညိုနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့သည် နိုင်ငံအတွင်းနေရာအနှံ့ ရေကြီးရေလျှံမှုများအတွက် အကြောင်းရင်းများဖြစ်ကြောင်း မိုးလေ၀သပညာရှင်များက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အစောပိုင်းက ရေကြီးမှုသတိပေးချက်နှင့် ကြိုတင်ခန့်မှန်းရေးစင်တာ (FFWC)သည်အခြေအနေကို ကြိုတင်ခန့်မှန်းရန် ပျက်ကွက်ခဲ့ခြင်း အတွက်ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့၇သည်။
ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာ ၏ အဝါမီလိဂ်အစိုးရ ဖြုတ်ချခံရပြီးနောက် ဒေသဆိုင်ရာအစိုးရကိုယ်စားလှယ်များ မရှိခြင်း၊ တိမ်းရှောင် နေရခြင်းတို့ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခက်ခဲခဲ့ကြောင်း ပြည်တွင်းမီဒီယာများကဖော်ပြသည်။ Source/ The Telegraph India and Photo/ Internet