အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးဖြင့်ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

နောင်မင်းသူ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁ /၂၀၂၄

ရခိုင်ပြည်၊မောင်တော၊ မြို့မကညင်တန်းအား စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကြဲခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၁ ရက်နေ့ ည နေ ၄ နာရီ ၅ မိနစ်၌ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာ ၂ ခုဖြစ်သည့် လူကယ်ပြန်ရုံးအနီးဝန်းကျင်နှင့် ဘင်္ဂလာဘုန်းတော်ကြီးကျောင်းတို့အား ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

"ကညင်တန်းက ဘင်္ဂလာဘုန်း တော်ကြီးကျောင်း နဲ့ လူကယ်ပြန်ရုံးတွေမှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်း မွတ်ဆလင်လက်နက်ကိုင်တွေစခန်းချနေကြတာ။ AAဖက်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြာပြီ။ ဒီနေ့မှာ တိုက်ပွဲပြင်းထန်ခဲ့ကြတယ်။ စစ်တပ်ကအထိနာတော့ ညနေ ၄ နာရီ မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ စစ်ကူလာပြီး ဗုံးလာကြဲခဲ့တယ်"ဟု‌ ပန်းတောပြင်ဒေသခံ မွတ်ဆလင် တစ်ဦးကပြောသည်။

မြို့မကညင်တန်းရှိ စစ်ကောင်စီတပ်များတပ်စွဲထားသည့် နေရာများအား အာရက္ခတပ်တော်AAမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရှင်းလင်းရေးလုပ်နေရာ စစ်ကောင်စီသည် မကြာခဏ ဗုံးလာကြဲနေသည်ဟု သိရသည်။

ဩဂုတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်လည်း စစ်ကောင်စီ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် မြို့မကညင်တန်းနှင့် မြို့ဝင်တံတားများအနီးသို့ ဗုံးများကြဲချခဲ့သည်ဟု မျက်မြင် ဒေသခံများထံမှ သိရသည်။

မောင်တောမြို့၏ လက်ရှိအခြေနေမှာ မြို့တစ်ခုလုံးနီးပါးအား အာရက္ခတပ်တော် AA မှ ထိန်းချုပ်ထားပြီး လက်ကျန် စစ်‌ကောင်စီတပ်သားအချို့ နှင့် မွတ်ဆလင်လက်နက်ကိုင်အများစုမှာ မြို့မကညင်တန်းရှိ မွတ်ဆလင်နေအိမ်များ၌ ခိုလှုံနေကြပြီး အဆိုပါနေရာများမှ AA  ၏ ထိုးစစ်ကို ခုခံနေကြသည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

"မြို့မကညင်တန်းက စစ်ကောင်စီ အခြေစိုက်စခန်းတွေကို AAဖက်က ဩဂုတ်လ ၃၀ နေ့က စပြီး ရှင်းလင်းရေးလုပ်နေတယ်လို့ သိရတယ်။ ၃ ရက်အထိ လက်နက်ချဖို့ အချိန်ပေးထားခဲ့တယ်။ သူတို့ဖက်က လက်နက်မချဘဲ  ပုန်းခိုနေကြဆဲ ဖြစ်လို့ AA က  ထပ်ပြီး နယ်‌မြေရှင်းလင်းရေး လုပ်နေရတယ်" ဟုပြောဆိုသည်။

မောင်တောမြို့မှ တစ်ခုတည်းလက်ကျန်နခခ(၅)တပ်ရင်းအားလည်း ဩဂုတ်လ ၂၉ ရက်နေ့၌ စစ်ကောင်စီမှလေထီးများ နှင့် လက်နက်ရိက္ခာ၊ လူအင်အားများချပေးခဲ့သည်ဟု မျက်မြင်များက ပြောသည်။

မောင်တောမြို့သို့ စစ်ကောင်စီမှ ရေကြောင်းကလည်း စစ်အင်အားအချို့ပြန်လည် ဖြည့်တင်းနိုင်ရန် ကြိုးစားလာနေတာကြောင်းAAဖက်ကအပြင်းအထန်ကာကွယ် လျှက်ရှိ‌နေကြောင်း သိသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေး အတွက် မြို့တွင်းရှိ ရန်သူ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများအားတစ်ခုပြီး တစ်ခုရှင်းလင်း တိုက်ခိုက် သိမ်းပိုက်လျက် ရှိနေကြောင်း၊ အာရက္ခတပ်တော်သည် မောင်တောမြို့အတွင်းမှ ရန်သူ၏ ခံစစ်နေရာ အများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ကြောင်း ဩဂုတ် ၂၉ ရက်စစ်ရေးသတင်းများ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ