အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခဲ့သည့် မင်းလှကျေးရွာအနီးရှိ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအချို့ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂/ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်တွေမြို့နယ် မင်းလှ(ခေါ်) မီးလောင် ကျေးရွာအနီးရှိ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာများကို စက်တင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီကျော်ခန့်မှ ညနေ ၃ နာရီခွဲခန့်အထိ စစ်ကောင်စီ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာများမှာ စစ်တွေမြို့နယ်အတွင်းမှ မင်းလှ(ခေါ်) မီးလောင်ရွာကျေးရွာ၊ ဝါဘို၊ ညိုရင်ချောင်းကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ခမောင်းတော၊ အောင်ဇေယျနှင့် ရဲရိုးပြင်စသည့် ကျေးရွာများဖြစ်ကြပြီး ကျေးရွာများ၏ အနီးဝန်းကျင်ကို ဗုံးကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"လေယာဥ်နဲ့ဗုံးကြဲခဲ့တာ။ စုစုပေါင်း ၅ လုံးကျတယ်။ ဆက်တိုက်ချသွားတာပါ။ ပုဏ္ဏားကျွန်းနယ်မှာဆို အရင်က တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေလည်း ပါတယ်လို့ကြားရတယ်" ဟု ပြောသည်။

ထိုသို့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား​ပြည်သူများ ထိခိုက်နစ်နာသေဆုံးမှု အသေးစိတ်ကို နိရဥ္စရာသတင်းဌာနက စုံစမ်းနေဆဲဖြစ်သည်။

ထိုသို့ဗုံးကြဲပြီးနောက် အဆိုပါ Y-12 လေယာဥ်မှာ စစ်တွေမြို့ အရှေ့ဘက်သို့ပျံသန်းသွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်၊ နေ့လယ် (၃) နာရီခန့်က စစ်တွေမြို့နယ်၊ မင်းလှ(ခေါ်) မီးလောင်ရွာ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီးနောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာဝန်းကျင်ကို နေ့စဥ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ကူပေးခဲ့ရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာသို့ ကျရောက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း သိရသည်။

ယင်းနောက် စစ်ကောင်စီက အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်ကို ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းနှင့် ညအချိန်တို့တွင် စစ်တွေမြို့နယ်ရှိ ပါဒလိတ်တပ်ရင်းက လက်နက်ကြီးများဖြင့် နေ့ရောညပါ ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်နေ့ ဩဂုတ် ၃၀ ရက် နံနက်အစောကြီး ည အချိန် (၃) နာရီကျော်ခန့်နှင့် နေ့လယ်ပိုင်းတို့ကလည်း ဂျက်ဖိုက်တာဖြင့် အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးသို့ လာရောက်ဗုံးကြဲခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ