အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် RSO အဖွဲ့က ချောင်းမြောင်းပစ်ခတ်၍ AA တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 7k

(၎င်းဖြစ်စဉ်အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအား အကြောင်းကြားထားပြီး အကြမ်းဖက် အဖွဲ့များသည်  ဒုက္ခသည်စခန်းများအား နောက်တန်းဌာနချုပ် စခန်းများအဖြစ် အသုံးပြု၍ နောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမည်ဟုဆို)

နိရဉ္စရာ၊ စက်တင်ဘာ၂/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်ဘက် အခြမ်းတွင် ပုံမှန် ကင်းလှည့်နေသော အာရက္ခတပ်တော် ( AA) တပ်ဖွဲ့ တစ်ခုအား  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် RSO လက်နက်ကိုင် အကြမ်းဖက်အဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် အာရက္ခတပ်တော် ( AA) တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ရသည်ဟု သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသို့ အကြောင်းကြားထားပြီး နောက်ထပ် ချောင်းမြောင်းပစ်ခတ်မှုများလုပ်လာလျှင် လိုအပ်သလို ပြတ်ပြတ်သားသား တုံ့ပြန်သွာမည် ဖြစ်ကြောင်း အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် နံနက် ၆ နာရီ ၅၀ မိနစ်တွင် အာရက္ခတပ်တော် ( AA)မှ ရဲဘော် ၅ ဦးသည် ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်ဘက်အခြမ်း နယ်စပ်မျဉ်းတစ်လျှောက်  တွင် ပုံမှန်ပြုလုပ်နေသည့် ကင်းလှည့်မှုကို ပြုလုပ်နေစဉ် BP ၁၅ နှင့် ၁၆ အကြား ကျောက်ချောင်း ချောင်း၀စခန်းအနီး တံတားထိပ်သို့ အရောက်တွင် အင်အား ၃၀ ခန့် ရှိသည့် RSO အကြမ်းဖက် အဖွဲ့များမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်သဖြင့် AAတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းအကြမ်းဖက် အဖွဲ့သည် လက်နက် ၄ လက်အား ယူဆောင်ကာ ဘင်္ဂလားဒေ့ရှ် ကမ်းသို့ စက်လှေ ၃ စီးဖြင့် ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း ဦးခိုင်သုခက အတည်ပြု ပြောကြားသည်။

“ အခုအခါ RSO အဖွဲ့များဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေကို  ၎င်းတို့ရဲ့ နောက်တန်း ဌာနချုပ် စခန်းတွေ အဖြစ် အသုံးပြုပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လျက်ရှိနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်  အာဏာပိုင်တွေဆီကို အကြောင်းကြားထားတယ်။  အခုလိုမျိုး ဘင်္ဂလားဒေ့ရှ်နယ်မြေတွေကို အသုံးပြုပြီးတော့ နတ်မြစ်တစ်ဖက်ကမ်းရှိ ULA/AAတပ်ဖွဲ့ဝင်တွေကို  နောက်ထပ် ချောင်းမြောင်း ပစ်ခတ်မှုတွေ လုပ်လာရင်တော့ လိုအပ်သလို ပြတ်ပြတ်သားသား လက်တုံ့ပြန်သွာမှာဖြစ်တယ်”ဟု ပြောဆိုသည်။

အာရက္ခတပ်တော်မှ အဆိုပါ RSO  အဖွဲ့အား လိုက်လံရှင်းလင်းရာ အဆိုပါ အဖွဲ့သည် စက်လှေ ၃ စီးဖြင့် နတ်မြစ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နယ်မြေအတွင်းသို့ ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ