အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမ်းမြို့တွင် ညမထွက်ရအမိန့်ကို လိုက်နာရန် အသံချဲ့စက်ဖြင့် မြို့ပတ်ပြီး ဆော်ဩ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 823

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၃/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ထုတ်ပြန်ထားသည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၁၄၄၊  ညမထွက်ရ အမိန့်ကို အတိအကျ လိုက်နာကြရန် စစ်ကောင်စီက မြို့ကို ပတ်ပြီး အသံချဲ့စက်ဖြင့် ကြေညာခဲ့သည်ဟု သတင်းရရှိသည်။

အမ်းဒေသခံ အမျိုးသမီးတစ်ဦးက " ညမထွက်ရအမိန့်က အရင်ကတည်းကရှိပေမယ့် အခုလို မျိုးလာပြောတာမရှိဘူး။ အခုက အသံချဲ့စက်နဲ့ ကျေညာသလို အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်  သတိ လာပေးတယ်။ည ၉နာရီ နောက်ပိုင်း လုံးဝမထွက်ရင်။ ထွက်လို့ တစုံတရာဖြစ်ခဲ့ရင်တာဝန်မယူဘူး။ အထူးသဖြင့် လူငယ်တွေကို မထွက်ဖို့ မှာထားကြတယ်" ဟုပြောသည်။

အမ်းမြို့တွင် ညမထွက်ရအမိန့်ကို ၂ လ တစ်ကြိမ် ယခင်ကတည်းက ထပ်တိုးထုတ်ပြန်ထားသော်လည်း ယခုလို သတိပေးမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ ယခု ညမထွက်ရအမိန့်ကို ပိုမိုတင်းကြပ်လာသည့် အနေအထား ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

" အရင်က ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ည ၉နာရီ ည ၁၁ နာရီ ထိအပြင်ထွက်လို့ရတယ်။  လူတွေသွားလာတာကို စစ်ဆေးတာမရှိဘူး။ အခုကျတော့ ၉နာရီထက်ကျော်ရင်ဖမ်းမယ်။ အခုနောက်ပိုင်း ဖမ်းတာတွေလည်း ရှိတယ်လို့ကြားတယ်။ ပိုပြီးတင်းတင်းကျပ်ကျပ်ဖြစ်လာတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အမ်းမြို့ပေါ် ရပ်ကွက်ရပ်ကွက်များတွင် စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက ကိုယ်တိုင် အိမ်တိုင်ရာရောက် သော်လည်းကောင်း၊ အသံချဲစက်ဖြင့် သော်လည်းကောင်း ည ၉ နာရီနောက်ပိုင်း အပြင်သို့ တစ်ဦးတစ်ယောက်မျှ မထွက်ကြရန်  ပြောကြားခဲ့ပြီး အပြင်သို့ ထွက်ပြီး  တစုံတရာဖြစ်ပါက တာဝန်မယူကြောင်း ပြောခဲ့သည်ဟု နောက်ထပ် အမ်းဒေသခံ တစ်ဦးကလည်း ပြောသည်။

၎င်းအပြင် လျှပ်စစ်မီးများကို ယခုလအတွင်းမှစ၍  နံနက်၊ နေ့လယ် မပေးဘဲ ညပိုင်းသာ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနများကိုညွှန်ကြားထားကြောင်း ဌာနဆိုင်ရာများနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ဒီဟာကျတော့ရပ်ကွက်ထဲမှ တရားဝင်စာထုတ်ပြန်တာတွေဘာတွေမရှိသေးပေမယ့် ဌာနဆိုင်ရာ တွေကိုတော့ မြို့နယ်အုပ်မှူးကအသိပေးထားပြီဖြစ်တယ်။ လျှပ်စစ်မီးကို ညဖက်မှ ပေးမယ်ဆိုပြီး" ဟုပြောသည်။

အမ်းကို အာရက္ခတပ်တော်ထိုးစစ်ရောက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီဖက်မှ ရွာတချို့တွင် စစ်တပ်တပ်ရင်းခွဲများ ချထားခြင်း ၊ မြို့ထဲသို့ဝင်လာနိုင်ခြေရှိသည်ဟု  ခန့်မှန်းသည့် နေရာများတွင် စစ်အင်အားတိုးချခြင်း မိုင်းထောင်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့သူမြို့သားများမှာလည်း စစ်ကောင်စီ၏ စစ်ဆေးမှုတင်းကျပ်ခြင်းနှင့် တိုက်ပွဲအတွက် ပိတ်လှောင် ခံထားရသည့် အဖြစ်မျိုးနှင့်ရင်ဆိုင်နေရသဖြင့်ယခင်ကထက်  စိုးရိမ်ကြောင့်ကြမှု ပိုများပြီး နေထိုင်နေရကြောင်း မြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ