အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီ သန်းခေါင်စာရင်း ရခိုင်တွင် ကောက်ယူနိုင်ရန် အခြေအနေမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ စက်တင်ဘာ ၂ / ၂၀၂၄

မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရန်ပြင်ဆင်နေသော်လည်း ရခိုင်တွင် ကောက်ယူနိုင်ရန် အခြေအနေမရှိဟု  နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။

တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားသည့် စစ်ကောင်စီသည် နိုင်ငံရေးထွက်ပေါက် တစ်ခုအဖြစ် လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု တရားဝင် ထုတ်‌ဖော်ပြောဆိုထားသည်။

နိုင်ငံ၏ နေရာအများစုတွင် စစ်မီးတောက်လောင်နေချိန်တွင် ရွေးကောက်ပွဲအကြိုလုပ်ငန်းစဥ် အဖြစ် အိမ်အကြောင်းအရာနှင့် လူဦးရေ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီသည် နယ်မြေများစွာကို ဆုံးရှုံးနေသည့်အတွက် ရခိုင်ပြည်အတွင်း သန်းခေါင်စာရင်းကို ကောက်ယူနိုင်လိမ့်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

"ရခိုင်ပြည်မှာ ဘယ်ဝန်ထမ်းနဲ့ သန်းခေါင်စာရင်းကောက်မှာလဲ။ ဘယ်လူမှုအဖွဲ့အစည်းနဲ့ ကောက်မှာလဲ။ မြို့နယ်အများစုမှာ ဝန်ထမ်းတွေက မရှိတော့ဘူး။ ရှိတဲ့ဝန်ထမ်းကလည်း မြို့တွင်းကနေ မြို့ပြင်ကို မထွက်နိုင်။ စစ်တပ်ကလည်း လုံခြုံရေးမပေးနိုင်။ ရဲကလည်း လုံခြုံရေးမပေးနိုင်။ ဒါကြောင့် ရခိုင်ပြည်မှာ သန်းခေါင်စာရင်းကောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟုပြောသည်။

စစ်ကောင်စီ‌အနေဖြင့် ရခိုင်ပြည်အတွင်း သူတို့ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်နှင့် မာန်အောင်မြို့တို့၌သာ ဟန်ပြသဘော ကောက်ယူကောင်း၊ ကောက်ယူနိုင်လိမ့်မည်ဟု သူက‌ ဆက်လက်ပြောဆိုသည်။

သို့သော် အဆိုပါမြို့အချို့တွင်လည်း စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားက မြို့ပေါ်တွင်သာ အနည်းငယ်လည်ပတ်နိုင်ပြီး နယ်ကျေးရွာတွင် ထိရောက်မှုမရှိတော့၍ ရခိုင်တွင် သန်ခေါင်စာရင်းကောက်ယူမည့်အခြေအနေမှာ ထင်သလောက် မလွယ်ကြောင်း ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက "သန်းခေါင်စာရင်းကောက်တာက အရမ်းကျယ်ပြန့်တယ်။ ဌာနဆိုင်ရာတွေလည်း အားလုံးပါရတယ်။ လုံခြုံရေးလည်း ပေးရ‌တော့မယ်ဆိုတော့ သူတို့ထိန်းချုပ်ထားဆဲမြို့တွေမှာ ဟန်ပြသဘောလောက်သာ လုပ်နိုင်လိမ့်မယ်။ အဲမြို့တွေမှာလည်း လူတွေက ထက်ဝက်လောက်တောင်မှ မရှိတော့ဘူး။ ရခိုင်ပြည်မှာလည်း သန်းခေါင်စာရင်းကောက်နိုင်တယ်ဆို‌တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်တာလောက်ပါပဲ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မြို့ပေါင်း (၃၃၀)ရှိသည့်အနက် မြို့ပေါင်း (၇၀) ကျော်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း လူထုနွေဦးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ပွဲများကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် မြို့များလည်းရှိသည့် အတွက် မြန်မာပြည်၏ ထက်ဝက်ခန့်ကိုတောင်မှ စစ်ကောင်စီအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် မသေချာဟု အမည်မဖော်လိုသည့် နောက်ထပ် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

"သူတို့က ဘယ်နေရာတွေမှာ သန်းခေါင်စာရင်းကောက်မှာလဲ။ ကောက်နိုင်တဲ့အနေအထားက အရမ်း‌နည်းသွားပြီ။ ရန်ကုန်မြို့တို့မှာတောင်မှ အပြည့်အစုံကောက်နိုင်ဖို့ဆိုတာ မသေချာသေးဘူး" ဟု ပြောသည်။ 

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ပြီးမှ ရွေးကောက်ပွဲကိုကျင်းပသွားမည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိရာ နောက်ဆုံးအနေဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ယူခဲ့သည်။ 

၂၀၁၄ သန်ခေါင်းစာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ မြန်မာ တစ်နိုင်ငံလုံးရှိ ခန့်မှန်းလူဦးရေစာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်၏ ခန့်မှန်းလူဦးရေမှာ ၃ ဒသမ ၄ သန်းအထိရှိသည်ဟု ဆိုသည်။

အဆိုပါ ၃ ဒသမ ၄ သန်းတွင် အမျိုးသား ၁ ဒသမ ၆ သန်းနှင့် အမျိုးသမီးမှာ ၁ ဒသမ ၈ သန်း ပါဝင်သည်ဟုလည်း ဆိုထားသည်။

ဓာတ်ပုံ - ၂၀၁၄ ခုနှစ်တွင် ရခိုင်၌ သန်ခေါင်စာရင်းကောက်ယူခဲ့မှုမြင်ကွင်း။

ဆက်စပ် သတင်းများ