တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြောက်ဦးထွေအုပ်ရုံးဟောင်းကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ စက်တင်ဘာ ၃/၂၀၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ထွေအုပ်ရုံးဟောင်းအား စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

“ စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ပစ်ခတ်တာပါ။ ရော့ကက်နဲ့ လာပစ်တယ်လို့ သိရပါတယ်။ လူအထိအခိုက်ကတော့ တစ်စုံတစ်ရာမရှိပါဘူး”ဟု ပြောကြားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ကြည်းတပ်က အရှုံးနှင့် ရင်ဆိုင် နေရပြီး လေကြောင်းကိုသာ အဓိက အားကိုးနေရကာ လေကြောင်းမှ တိုက်ခိုက်ရာတွင်လည်း အရပ်သားနေရာများကိုသာ ဦးတည်တိုက်ခိုက်နေ၍ မကြာခဏ အရပ်သားများသေဆုံးမှုရှိနေသည်ဟု သိရသည်။

လွန်ခဲ့သည့်  ဩဂုတ် ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း  မြောက်ဦးမြို့လယ်ထဲက လူစည်ကားသည့် နေရာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိ မောင်တောတိုက်ပွဲ၊ သံတွဲမြို့ မောင်ရွှေလေးရေတပ်စခန်းတိုက်ပွဲနှင့် ဂွမြို့နယ် တိုက်ပွဲများတွင် စစ်စခန်းများ မကျစေရန် လေယာဉ်ဖြင့် အသည်းအသန် ခုခံကာကွယ်နေသည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် လူနေကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်၍ အရပ်သားသေဆုံးများ တစ်နေ့ထက် တစ်နေ့ တိုးပွားလာနေသည်ဟု သိရသည်။

လွန်ခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကလည်း  ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ ခရစ်ယာန်ဘုရား ကျောင်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၁၁ ဦးသေဆုံးပြီး၊ ၁၀ ဦး မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ