အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်တွေပွဲဦးထွက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး လက်နက်၅၀ ကျော် သိမ်းဆည်းရမိကြောင်း AA အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ စက်တင်ဘာလ ၄/၂၀၂၄

စစ်တွေမြို့နယ်အတွင်း ဖြစ်ပွါးခဲ့သည့် ပွဲဦးထွက် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား အလောင်း ၃၀ ကျော်နှင့်  လက်နက် ၅၀ ကျော် သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောဆိုသည်။

“အဲ့ဒီ စစ်တွေ တိုက်ပွဲမှာတော့ အကြမ်းဖက်စစ်ကောင်စီဘက်ကနေ အကျအဆုံးတွေများပြီး ပြန်လည် ဆုတ်ခွာသွားတာရှိတယ်။ ကျနော်တို့ဘက်က လိုက်လံရှင်းလင်းတဲ့ အချိန်မှာ လက်နက် ၅၀ ကျော် သိမ်းဆည်းရမိတာရှိတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့အလောင်း ၃၀ ကျော်လောက် သိမ်းဆည်း ရမိတာရှိတယ်။ အဲ့ဒီနောက်ပိုင်းတော့ သူတို့ ထိုးစစ်ဆင်တာ မရှိတော့ဘူး” ဟု ပြောသည်။

တိုက်ပွဲသည် ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ  (၃) နာရီ ခန့်က  စစ်တွေမြို့နယ်၊ မင်းလှ(ခေါ်) မီးလောင်ရွာ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ် တိုက်ခဲ့သဖြင့် စစ်ကောင်စီ စစ်ကြောင်းသည် အကျအဆုံးများစွာဖြင့် နောက်ဆုတ်သွားခဲ့သည်။  

၎င်းတိုက်ပွဲသည် ၄ နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး ညနေ ၇ နာရီကျော်မှ ပြီးဆုံးခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲသည် စစ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ အကြား ပထမဆုံးအကြိမ် အချိန်ကြာကြီးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ပြီး AA အနေဖြင့် ပွဲဦးထွက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် အဝေးက ပစ်ခတ်မှုများကိုသာ ပြုလုပ်ခဲ့ပြီး နောက်ထပ်  စစ်တွေမြို့နယ်တွင် ဆက်လက် ထိုးစစ်ဆင်ခြင်းမရှိတော့ကြောင်း ဦးခိုင်သုခက ပြောသည်။

သို့သော် စစ်တွေအခြေစိုက်တပ်ရင်းများက ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် ပေါက်တောမြို့နယ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်း တိုက်ခိုက်ခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိနေကြောင်း သူက ဆက်ပြောသည်။

“စစ်တွေမြို့မှာတော့ ဒီရက်ပိုင်းမှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောပေါ့။ ဒီမြို့တွေကို လှမ်းပြီးတော့မှ လက်နက်ကြီးပစ်တာတွေရှိတယ်။ လေကြောင်းကနေ လာပစ်တာတွေလည်း ဒီရက်ပိုင်းမှာရှိပါတယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ရက်အကြ  ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းနှင့် ညအချိန်တို့တွင် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ပြုလုပ်ခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

စစ်ကောင်စီကလည်း စစ်တွေမြို့အား အာရက္ခတပ်တော် ဝင်တိုက်ခိုက်မည်ကို စိုးရိမ်နေပြီး မြိုထဲကိုအလွယ်တကူ ဝင်ထွက်၍ မရအောင် မြို့ပတ်လမ်းတစ်လျှောက်တွင် သံဆူးကြိုးများ ကာရံထားပြီးစစ်တပ်တပ်ရင်းများထဲတွင်သာမက တခြားအရေးကြီးသည့် လေယာဉ်ကွင်း အပါအဝင် နေရာအတော်များများတွင်လည်း ဘန်ကာများ၊ ဗုံးခိုကျင်းများကို အခိုင်အမာပြုလုပ်ထားသည်။

ဆက်စပ် သတင်းများ