Preview

ဂွမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် လူငယ်တစ်ဦး စစ်တပ်၏ ညှဉ်းပမ်းနှိပ်စက်မှုကိုမခံနိုင်၍ ထွက်ပြေးပြီး ရေအိုင်ထဲခုန်ချသေဆုံး

စက်တင်ဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :2914
ရခိုင် သတင်း

သဉ္ဇာနွယ်၊နိရဉ္စရာ၊ စက်တင်ဘာ၃/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်တွင်ဖမ်းဆီးခံထား၇သည့် အသက် (၃၀)အရွယ် လူငယ်တစ်ဦး စစ်ကောင်စီ တပ်၏ ညှဉ်းပမ်းနှိပ်စက်မှုကို မခံနိုင်၍ ထွက်ပြေးစဉ် စစ်တပ်ကသေနတ်ဖြင့် ပစ်ခတ်သဖြင့် ချောင်းတစ်ခု အတွင်းက ရေအိုင်ထဲသို့ ခုန်ချ သေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသွားသူမှာဂွမြို့နယ် ဆင်ကူးကျေးရွာမှ ကိုသက်ပိုင် အသက်(၃၀)ကျော်အရွယ်ခန့်ဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက " သူကကလေးအဖေပါ။မိန်းမနဲ့ကလေးရှိတယ်။ ဂွ အခြေစိုက် ၅၃၆တပ်ရင်းကစစ်သားတွေက စစ်ဆေးစရာရှိတယ်ဆိုပြီး သူ့ကို ဖမ်းပြီး ဆပ်သွားကိုခေါ်သွားတယ်။၅၃၆ တပ်က အကောင်တွေ ဆပ်သွားမှာရှိတယ်။ ဆပ်သွားရဲ့ ဘုန်းကြီးကျောင်းခြံမှာစစ်ဆေးတာပါ " ဟုနိရဉ္စရာကို ပြောသည်။

စစ်ဆေးမေးမြန်းစဉ်စစ်ကောင်စီ၏ ရိုက်နှက်ညှဉ်းပမ်းမှု ဒဏ်ကိုမခံနိုင်၍ ထွက်ပြေးစဉ်သေနတ်ဖြင့် လှမ်းပစ်သဖြင့် ကြောက်လန့်၍ ချောင်းထဲ (ရေသူမအိုင်) ထဲသို့ခုန်ချလိုက်သဖြင့် ရေနစ် သေဆုံး သွားခဲ့၇သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

" စစ်ကောင်စီကရိုက်နှက်ထိုးကြိတ်တဲ့ဒဏ်မခံနိုင်လို့ သူကထွက်ပြေးတာ။သူတို့ကသေနတ်နဲ့လှမ်းပစ်တယ်။ သူက ကြောက်လန့်ပြီး တွေ့ရာကိုခုန်ချတာ။ အဲဒီမှာရေသူမလို့ ခေါ်တဲ့ အိုင်ကို ခုန်ချသွားတယ်။ ရေနစ်ပြီးဆုံးတယ်။အလောင်းမှာ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေအများကြီးပဲ" ဟုပြောသည်။

ဂွမြို့နယ်နှင့် မိုင်၂၀ခန့်ကွာဝေးသည့် ဆင်ကူးကျေးရွာမှ ကိုသက်ပိုင်ကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းကခမ၇ -၅၃၆တပ်ရင်းမှ စစ်ကောင်စီတပ်သားများက နေအိမ်မှ စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုပြောကာခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဂွဒေသခံများက ပြောသည်။

ဂွအခြေစိုက်တပ်ရင်း ခမ၇-၅၃၆တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ဆပ်သွားကျေးရွာ၏ တံတားနှင့် ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲနေရာယူထားကြကြောင်း သိ၇သည်။

#ဂွမြို့နယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.