အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းပစ်ကူပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ စက်တင်ဘာ ၄  / ၂၀၂၄

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ကုလားပြင်ကျေးရွာကြား ကျေးရွာ တချို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ( AA) တို့အကြား ယနေ့ စက်တင်ဘာ ၄ ရက်နေ့တွင် တိုက်ပွဲ ထပ်မံ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းမှ ပစ်ကူပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ကျိန္တလီမြို့နှင့် ကုလားပြင်ကျေးရွာကြားရှိ ဆားချက်ကျေးရွာ နှင့်ကိုင်းခုံကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်ကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းပစ်ကူများကြောင့် ဒေသခံ ရွာသားတချို့ ထွက်ပြေးနေရကြောင်းသိရသည်

ဒေသခံတစ်ဦးက “ စစ်ရေးလှုပ်ရှားမှုတွေရှိပေမယ့် တိုက်ပွဲမဖြစ်တာ ၂ ပတ်ကျော်လာပြီ။  ဒီနေ့ ဆားချက်ကျေးရွာနဲ့ ကိုင်းခုံကျေးရွာ ကြားမှာဖြစ်တာ။ စစ်ကောင်စီငြိမ်နေပြီး အေးဆေးဖြစ်နေတဲ့ အချိန်မှာ အေအေက ဝင်တိုက်တာ။  ကုလင်းပြင်က စစ်ကောင်စီစစ်ကြောင်းတစ်ခုက အဲရွာဖက်ကို ခဏခဏ လာနေတာကို အေအေကသိလို့ တိုက်တာ။ စစ်ကောင်စီကတော့ လေယာဉ်တွေကပါ ဗုံးကြဲနေတယ်။ အသံတွေအကျယ်ကြီးပဲ” ဟု ပြောသည်။

ကျိန္တလီမြို့  ဧရိယာအတွင်းရှိ ဆားချက်၊ ကိုင်းခုံ၊ ကုလားပြင် ကျေးရွာတို့သည့် တဆက်တည်း ကျေးရွာများဖြစ်ပြီး စစ်ကောင်စီတပ်သည် လောလောဆယ် ကုလားပြင်ကျေးရွာအထိ တပ်ဆုတ် ထားသော်လည်း ကျိန္တလီမြို့နှင့်ကုလားပြင်းကျေးရွာကြားရှိ လမ်းတစ်လျှောက်တွင် ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်းဒေသခံတို့ကဆိုသည်။

ထိုသို့လုပ်ဆောင်နေစဉ် ကျိန္တလီမြို့ကိုသိမ်းပိုက်ပြီး ကုလားပြင်ဘက်ကို ထိုးစစ်ဆင်လာသော အာရက္ခတပ်တော်နှင့် စက်တင်ဘာ ၄ ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း “ ဆားချက်၊ကိုင်းခုံ ကျောက်ပါးစပ်ပြီးမှ ကုလားပြင်။  ရှင်းရှင်း ပြောရရင် အဲ့ဒီရွာတွေကို အေအေက ထိုးစစ်ဆင်ပြီး စိုးမိုးလာတာ။ တကယ်ဆို့ အဲဒီရွာတွေကို စစ်တပ်က လက်လွတ်ရတော့မလို့ဖြစ်နေတာ။  ညဖက်ဆို သူတို့ကင်းပုံးတွေမရှိသလောက်ပဲ ကုလားပြင်ဖက်ကို သွားနေကြတာ။ အေးဆေးတဖက်နဲ့တဖက်ငြိမ်နေပြီးမှ အခုဒီနေ့မှစဖြစ်တာ။ လေကြောင်းပစ်ကူပေးတာက အဲ့ဒီရွာတွေထဲမှာ တပ်တော်က ရောက်နေပြီထင်ပြီး။ တပ်တော်က သူတို့ စစ်တပ် ကားတွေအလာမှာ ဖြတ်တိုက်တာလို့သိရတယ်” ဟု ပြောသည်။

လက်ရှိလေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆားချက်ကျေးရွာ နှင့် ကိုင်းခုံကျေးရွာ အနီးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းများ ရှိနေပြီးပြည်သူ ထိခိုက်ဒဏ်ရာရခြင်းများ ရှိနိုင်ကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်နှင့်  AA တို့သည်   သြဂုတ်လ ၁၀ ရက်နေ့က ကျိန္တလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ  အပြင်းအထန် ဖြစ်ပွားပြီးနောက် AA က ကျိန္တလီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိဂွမြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

လက်ရှိတွင်လည်း တင့်ကားများကို အထိုင်ချပြီး ပစ်ကူပေးခြင်း၊ အမြောက်တပ်က လက်နက်ကြီး ပစ်ကူခြင်း၊ ရေတပ်စစ်ရေယာဉ်များမှ လက်နက်ကြီးဖြင့် ပစ်ကူပေးခြင်းနှင့် လေယာဉ် ပစ်ကူပေးခြင်းတို့ကို ကြေး၊ရေ၊လေကို အသုံးပြုပြီး အာရက္ခတပ်တော်၏ ထိုးစစ်ကို အပြင်းအထန် ခုခံနေသည်။

(ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ