Preview

တောင်ကုတ်- ပန်းတောင်း ရိုးမလမ်းထက်တွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

စက်တင်ဘာ ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :3496
ရခိုင် သတင်း

မင်းသျှင်စော၊  နိရဉ္စရာ၊စက်တင်ဘာ ၅/ ၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ ရိုးမတောင်ပေါ်ကားလမ်းတွင်  အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ စက်တင်ဘာ ၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်နှင့် ပန်းတောင်းတောင်ကျော်လမ်းဂွေးတောက်ကျေးရွာနားတွင် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၈နာရီကျော် အချိန်တွင်နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်ဟု အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက နိရဉ္စရာသို့ပြောကြားသည်။

" အဲနေ့က မနက်စောစောပေါ့။ ရိုးထက်မှာ အချိန်က ၈ နာရီကျော်ခန့်ပါ။ ပထမ လက်နက်ငယ် စပစ်ပါတယ်။ ပြီးတော့ စက်လက်သံရော၊ အာပီဂျီအသံရော ဆူညံသွားတယ်။ အနားက ရွာသား တွေလည်း တစ်ယောက် တစ်ခြား လူစုခွဲပြီး ပြေးကြတယ်။ ကျွန်တော်ကတော့ ကြည့်နေတယ်။ တောင်ထက်ကတိုက်ပွဲက တော်တော့ကိုပြင်းတယ်။ဆယ်နာရီကျော် ဆယ့်တစ်နာရီခန့်မှာလေယာဉ် လာတယ်။  ဂွေးတောက် တောင်တန်းနားကို ဗုံးကြဲတယ်။ ပြီးတော့လက်နက်ကြီး ပစ်တယ်။ တအား ဆူညံတယ်။ နားတွေတောင် ခေါ်မကြားတော့ဘူး "ဟု ပြောသည်။

စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားသောအနီးအနားကိုလေကြောင်းမှ ဗုံး ငါးကြိမ်ထက်မနည်း ကြဲချပြီး မြေပြင်တပ်ရင်းများက လက်နက်ကြီးပစ်ကူမှုများ အဆက်မပြတ်ပစ်ခဲ့သည်ဟုဆိုသည်။

နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ အထိအခိုက်များပြီး သေဆုံးသူအချို့နှင့် လက်နက်များကို အေအေမှ သိမ်းဆည်းရမိသည်ဟုမျက်မြင်သတင်းရင်းမြစ်တစ်ဦးက  ပြောသည်။ 

"တိုက်ပွဲကစစ်ကောင်စီဖက်ကအကျအဆုံးများတယ်။ အကျအဆုံးမျာတော့  ညနေ၃နာရီ ကျော် လောက်မှာ ဂျက်ဖိုက်တာ နောက်တစ်ကြိမ် လာတယ်။ တိုက်ပွဲဖြစ်တဲ့အနီးအနားကျေးရွာတွေရော၊ ကားလမ်း အနီးအနားတွေပါ အကုန် ဗုံးချတယ်။ ဗုံးကနောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ အနီးအနားအကုန်ပေါ့။ ပတ်ဝန်းကျင်က လူတွေကတော့ သေနတ် သံကြားကတည်း အကုန် ဘေးလွတ်ရာကို ပြေးနေကြတယ်" ဟု ပြောကြားသည်။

တိုက်ပွဲနှင့် နီးစပ်သည့် ကျေးရွာများဖြစ်ကြသည့် ခွေးတောက်ကျေးရွာ၊တန်းလျှားကျေးရွာနှင့်  ရပ်တော်မူကျေးရွာတို့မှ ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိ၇သည်။ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော် အေအေတို့သည် ရိုးမပေါ်တွင်  စက်တင်ဘာ ၃ရက်နေ့ နံနက် ၈ နာရီကျော် အချိန်တွင် စတင်ဖြစ်ပွားခဲ့ပြီး ည ၁၀နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲ ရပ်တန့်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီသည်တောင်ကုတ်မြို့နယ်တွင်အေအေ၏ ထိုးစစ်ကိုကြောက်၍လက်နက်ကြီးဖြင့်အနီးအနား ကျေးရွားများကို ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်ဗုံးကြဲခြင်းတို့ကို အဆက်မပြတ် ပြုလုပ်နေပြီး ဒေသခံ အပြစ်မဲ့ပြည်သူများ သေဆုံးမှုနှင့် ဒဏ်ရာရမှု အများအပြားရှိသည်ဟု သိ၇သည်။

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.