အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်ရွှေလေးရေတပ်မှ Navy Seal နဲ့ ပင်မရေငုပ်တပ်တို့ နောက်ဆုတ်သွားပြီးနောက် စစ်ကောင်စီရေယာဉ်များက ရေတပ်ထဲကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 7.8k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ စက်တင်ဘာ ၅  / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်သည့်  မောင်ရွှေလေးရေတပ်မှ Navy Seal နှင့် ပင်မရေငုပ်တပ်တို့ အပါအဝင် စစ်ကောင်စီတပ်သားများ နောက်ဆုတ်သွားပြီးနောက် စစ်ကောင်စီ၏ စစ်ရေယာဉ်များက အဆိုပါ စခန်းထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ မောင်ရွှေလေးဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးမှ “ ရေတပ်ကို အေအေကပိတ်ဆို့ထားတာ တစ်ပတ်လောက်ရှိတဲ့အချိန်မှာ ရေတပ်က ပြန်ခုခံနေ သေးတယ်။ မနေ့ကတော့ ရေတပ်ရှေ့ဘုရားကုန်းက တပ်တွေလည်း ဆုတ်ပြေးရတယ်။ ရေငုပ်တပ်၊ ရေတပ်တပ်ထဲက စစ်သားတွေလဲ နေဗီကစောင့်ခေါ်ပြီး ပင်လယ်ထဲထွက်ပြေးပြီ၊ အကျအဆုံးတော်တော်များတယ်။ အခု စစ်ရေယာဉ်တွေထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ မောင်ရွှေလေး ဘုန်းကြီးကျောင်းကို လာထိတယ်” ဟု ပြောသည်။

မောင်ရွှေလေးရေတပ်ထဲသို့ AA တပ်ဖွဲ့ဝင်များ ထိုးဖောက်ဝင်ရောက်သွားပြီး နေရာအများအပြားကို ထိန်းချုပ်ထားလိုက်ပြီဟု သိရှိရကြောင်း နောက်ထပ်ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ ရေတပ်ထဲကို သိမ်းလိုက်တာ ဟုတ်တယ်။ ရေတပ်ထဲက အဆောင်တွေ၊ ကင်းစောင့်တဲ့ ဘန်ကာတွေ၊ လူပျိုဘားတိုက်တွေ၊ ရေငုပ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေထားတဲ့ ဂိုဒေါင်တွေကို အေအေကရ သွားပြီ။ ဒါပေမယ့် တပ်ဆုပ်သွားတဲ့ စစ်သားတွေက စစ်ရေယာဉ်ပေါ်က လက်နက်ကြီးတွေနဲ့ ပစ်နေသေးတယ်။ သူတို့မှာ ရိက္ခာနဲ့ လက်နက်တွေ ပါသွားသေးတယ်လေ။ အနီးအနားရွာက လူတွေစစ်ရှောင်ဖို့လိုတယ်။ လေယာဉ်တွေပါ အခုပျံဝဲနေတယ်။ အေအေကတော့ စစ်ကောင်စီတပ်သားအလောင်းတွေနဲ့ ကျန်ခဲ့တဲ့ စစ်သားတွေကို စိစစ်နေတယ်၊ မှိုင်းတွေရှင်းနေတယ်လို့ ဒီမနက်က သိရပါတယ်” ဟု ပြောသည်။


Navy Seal ၊ ပင်မရေငုတ်တပ်တို့ အပါအဝင် စစ်ကောင်စီတပ်သားများ အကျအဆုံး အများအပြားဖြင့်  စစ်ရေယာဉ်များပေါ် ထွက်ပြေးသွားပြီးနောက်  မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် AA က စက်တင်ဘာ ၄ရက် ညနေပိုင်းတွင် ထိန်းချုပ်လိုက်ပြီဟု ဒေသခံများက ပြောဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးက“ စက်တင်ဘာ ၄ ရက်မှာ မောင်ရွှေလေးရေတပ်က တပ်ဆုတ်သွားတဲ့  စစ်ကောင်စီတပ်သားတွေက ပင်လယ်ပြင်ကနေပြီး ခုခံနေသေးတယ်။  စက်တင်ဘာ ၅ ရက် နံနက်ပိုင်းမှာ မော်ရုံကျေးရွာ၊  မောင်ရွှေလေးကျေးရွာနဲ့ ကွင်းဝိုင်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်။  မောင်ရွှေလေးရွာ ဘုန်းကြီးကျောင်းအပြင် နေအိမ်တွေပျက်စီးသွားတာတွေ ရှိနေပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ မောင်ရွှေလေး ရေတပ်ကျသွားပြီဖြစ်ကြောင်း ဒေသခံအများစုက ပြောဆိုလာသဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းရာ လက်ရှိ သတင်းရေးသားနေချိန်အထိ ပြန်ကြားခြင်း မရှိသေးသလို မောင်ရွှေလေးရေတပ်နှင့် ပတ်သက်၍ AA ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် စက်တင်ဘာ ၅ ရက် ညနေပိုင်းထိ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

 သံတွဲမြို့နယ်ရှိစစ်ကောင်စီနောက်ဆုံးခံတပ် မောင်ရွှေလေးရေတပ်အား အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထိန်းချုပ်နိုင်ပါက သံတွဲတစ်မြို့နယ်လုံးကို အေအေ လက်ထဲကျရောက်သွားခြင်း ဖြစ်သည်။


လက်ရှိတွင် ကမ္ဘာကျော်ငပလီကမ်းခြေဟိုတယ်ဇုန်၊ သံတွဲ မဇင်လေဆိပ်၊  တရုတ်၏ လေအား လျှပ်စစ်စီမံကိန်း၊ ရုရှား-မြန်မာ ငပလီကမ်းခြေ အိမ်ရာစီမံကိန်း၊ ခလ၇ (၅၅)၊ ခမရ (၅၆၆)၊ သံတွဲမြို့ပေါ်  တစ်ခုလုံး  အာရက္ခတပ်တော်လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သဖြင့် စစ်ကောင်စီ အတွက် စစ်ရေးတွင် သာမက စီးပွားရေးအရ အလွန်ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ပြောဆိုသည်။

သံတွဲမြို့နယ်သည် တိုက်ပွဲ ၉ လကျော်အတွင်း AA သိမ်းပိုက်လိုက်သည့် ရခိုင်ပြည်တောင်ဘက်ပိုင်းမှ ရမ်းဗြဲ၊ ကျိန္တလီမြို့တို့ အပြီး တတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့နယ်တစ်ခုဖြစ်လာသည်။

လက်ရှိတွင် အေအေမှ ရခိုင်ပြည်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့အားထိန်းချုပ်ထားလိုက်ပြီး ဂွမြို့ဘက်သို့ ထိုးစစ်ဆင်လျက်ရှိသဖြင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း ရခိုင်မြောက်ဘက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် တောင်ဘက်ပိုင်းရှိ ရမ်းဗြဲ၊ သံတွဲမြို့၊ ကျိန္တလီမြို့တို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး မြို့နယ် (၁၇) ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်နိုင်ရန် AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ (ဓာတ်ပုံ- စစ်ကောင်စီ)

ဆက်စပ် သတင်းများ