Preview

ညီနောင်၃ဖွဲ့အား စစ်ကောင်စီက အကြမ်းဖက်အဖွဲ့သတ်မှတ်ခြင်းအပေါ် နိုင်ငံရေးပါတီ ၂၅ ခုမှ ထောက်ခံရာတွင် ၇ခိုင်အခြေစိုက် ပါတီ ၃ခု ပါဝင်

စက်တင်ဘာ ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :12004
ရခိုင် သတင်း

အေးမြတ်ခိုင်၊နိရဥ္စရာ၊ စက်တင်ဘာ၅/၂၀၂၄

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့အားစစ်ကောင်စီက အကြမ်းဖက်အဖွဲ့ သတ်မှတ်ခြင်းအပေါ် နိုင်ငံရေးပါတီ ၂၅ ခုကထောက်ခံရာတွင် ၇ခိုင်အခြေစိုက် ပါတီ ၃ခု ပါဝင်သည်ဟုသိ၇သည်။

၎င်းပါတီများမှာ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ နှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါဝင်သည်။

၎င်းပါတီ ၃ ခုသည် တစ်ခြားနိုင်ငံရေး ပါတီ ၂၂ ခုနှင့်အတူ စစ်ကောင်စီ၏MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့များကိုအကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ခြင်းအား အပြည့်အ၀ ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည်။

အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကိုထာ၀၇ဆန့်ကျင်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့်ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ(၂၅) ခုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင့်တော်လှန်ရေးအောင်မြင်မှု အထွဋ် အထိပ်ကို ရောက်ရှိနေချိန် တော်လှန်ရေးကိုအဟန့်အတား ဖြစ်စေသည့်အတွက် အဆိုပါပါတီများအနေဖြင့်ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်က ပြောသည်။

“ဒီနေ့ဒီအချိန်အခါမှာ ရခိုင်ပြည်သူတစ်ရပ်လုံးအများစုဟာ အေအေအပါအဝင် ရခိုင်တော်လှန်ရေးကို အားပေးကြတယ်။ထောက်ခံကြတယ်။ ဒါဟာ ရခိုင့်နိုင်ငံရေးသမိုင်း ၊ မြန်မာပြည်နိုင်ငံရေးသမိုင်းမှာအင်မတန် ထူးခြားတဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်တယ်။ ပြည်သူတစ်ရပ်လုံးကလည်းအားပေးတယ်။ အောင်မြင်မှုကလည်း အထွဋ်အထိပ်ကို ရောက်နေတယ်။ ဒါကြောင့်အေအေရဲ့ အောင်မြင်မှု တနည်းအားဖြင့် ဒီတော်လှန်ရေးကိုအဟန့်အတား ဖြစ်စေတယ်ဆိုလို့ရှိရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကိုအဲ့ဒီပါတီတွေ ခံ၇မယ်လို့ပဲ ပြောချင်တယ်။”

စစ်ကောင်စီအနေနှင့်ယခုကဲ့သို့ ထုတ်ပြန်နိုင်လောက်သည့်အထိ တရားဝင်မှု ရှိသလားဟုလည်း ဦးမျိုးကျော်ကမေးခွန်းထုတ်သည်။

နောက်ပြီး“ပြည်သူတွေရဲ့အမြင်မှာ သူတို့စစ်ကောင်စီသည်သာအကြမ်းဖက် စစ်မိစ္ဆာဆိုးတွေ ဖြစ်တယ်။ သူတို့မှာ ဒီလို ထုတ်ပြန်နိုင်လောကတဲ့အထိ တရားဝင်မှုရှိသလား” ဟု ပြောသည်။

စစ်ကောင်စီကစက်တင်ဘာလ ၂ ရက်တွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့်ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုအစိုး၇အဖွဲ့၏ သဘောတူညီချက်ဖြင့်ဟုဆိုကာညီနောင်မဟာမိတ် ၃ ဖွဲ့(ULA/AA၊TNLA၊MNDAA)ကို အကြမ်းဖက်အုပ်စုအဖြစ်ပြန်လည်  ကြေညာခဲ့သည်။

နိုင်ငံရေးပါတီ(၂၅) ခု၏ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ ကြေငြာချက်ကို ထောက်ခံပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ကစစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူမျာအား လူမှုဒုက္ခများဖြစ်ပေါ်အောင် ရည်ရွယ် ချက်ရှိရှိ အကြမ်းဖက်လုပ်ဆောင်သည့်အတွက်နိုင်ငံရေးပါတီများက အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုများဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုထားသည်။

ယခုကဲ့သို့စစ်ကောင်စီ၏ ညီနောင်မဟာမိတ်၃ အဖွဲ့အပေါ် အကြမ်းဖက်အဖြစ်  ထုတ်ပြန် ကြေညာမှုနှင့်ပတ်သက်၍အေအေအပေါ် မည်သည့်အကျိုးသတ်ရောက်မှုမှ မရှိကြောင်း နှင့် စစ်ကောင်စီကစိတ်ဖောက်ပြန်ကာ ပြောဆိုခြင်းသာဖြစ်သည်ဟု အာရက္ခတပ်တော်ပြောခွင့်၇သူ ဦးခိုင်သုခက တုံ့ပြန် ပြောဆိုထားသည်။

“ပြည်သူ့ထောက်ခံမှုအပြည့်အ၀ရရှိထားတဲ့အဖွဲ့အစည်းကို ပြည်သူ့ချဉ်ဖက် အကြမ်းဖက် စစ်ကောင်စီက ဒီလိုကြေငြာတာကတော့သူ့ဟာသူ ယုံကြည်ချက်ပျောက်ပြီး စိတ်ဖောက်ပြန်ပြီး ပြောနေတာလို့ပဲ ကျနော်တို့ကမှတ်ယူတယ်” ဟု ဆိုသည်။

ရခိုင်တွင်စစ်ကောင်စီက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီများမှာ ဒေါက်တာ အေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)၊  ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊မြိုတိုင်းရင်းသားပါတီ (MNP)နှင့်ရခိုင်ပြည်နယ်အမျိုးသားအင်အားစု ပါတီ(RSNUP)တို့က ဖြစ်ကြပြီး ယခုကျေညာချက်တွင်AFP ပါဝင်ခြင်း မရှိသည်ကို တွေ့၇သည်။

စစ်ကောင်စီသည်၄င်း၏ လက်ဝေခံအပေါင်းအပါ နိုင်ငံရေးပါတီများကိုသာ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးနိုင်ငံရေးအယောင်ပြပါတီတချို့ကသာ သူတို့ရပ်တည်ချက်ရရေး ပူးပေါင်းလုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ၇ခိုင်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကလည်း ပြောဆိုသည်။

 

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.