အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ရေးတင်းမာနေသည့် အမ်းမြို့ပေါ်က ပြည်သူများ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 904

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂၀၂၄

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် ရခိုင်ပြည်၊ အမ်းမြို့ပေါ်တွင်နေထိုင်သူ ပြည်သူများအနေဖြင့် ကန့်သတ်ပိတ်ပင်မှုမျိုးစုံနဲ့  ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။

လက်ရှိ အမ်းမြို့သို့ ဆန်သယ်ယူခွင့်ကို ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးအပတ်မှစ၍  ပိတ်ထားလိုက်သဖြင့် ဆန်တစ်ပြည်ကို ၄၅၀၀ အထိစျေးမြင့်တက်သွားသည်ဟု အမ်းမြို့ခံ အိမ်ထောင်ရှင်မ တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ လမ်းကတော့ဖွင့်ထားတယ်။ ဒါပေမယ့် ဆန်ကိုတော့ သယ်ယူခွင့် မပေးတော့ဘူး။ အရင်တုန်းက လက်ကျန်ဆန်တွေက စျေးတက်သွားတယ်။ အိတ်လိုက်တောင်ဝယ်လို့မရဘူး။ ဆန်အပြင် တခြား စားသောက်ကုန်တွေလည်းတက်ပါတယ်” ဟုပြောသည်။

ယင်းအပြင် ဆန်စျေးသာမက စက်သုံးဆီ ၁ လီတာကို ငွေကျပ် ၂၅၀၀၀ အထိမြင့်တက်နေကာ ရှာမရသည့်အခြေအနေမျိုးကိုရောက်ရှိနေပြီး  ဝန်ထမ်းနှင့် ဆိုင်ကယ်လိုင်စင်ရှိသူများကိုသာ စစ်ကောင်စီက တစ်လီတာကို ငွေကျပ် ၃၅၀၀နှင့် ရောင်းပေးနေသည်ဟု  အမ်းမြို့ပေါ်မှ အမျိုးသား တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုဆိုရင် တစ်လကို ၂လီတာစီ ရောင်းပေးတယ်။ တစ်လီတာကို ၃၅၀၀ လောက်နဲ့ပြီးတော့ လိုင်စင်ရှိတဲ့သူတွေကိုလည်ရောင်းတယ်။ သာမာန် အရပ်သားဆိုမရဘူး” ဟု ပြောသည်။

နောက်ထပ် လျှပ်စစ်မီတာခများကို လာမည့်အောက်တိုဘာလမှ စ၍ တိုးမြှင့်ကောက်သွားမည်ဟု လျှပ်စစ်ဌာနမှ တဆင့် အုပ်ချုပ်ရေးမှုးများကို ညွှန်ကြားထားသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ မီးကို ဒီတစ်လလွှတ်ပေးမယ်ပြောတယ်။ နောက်လဆိုရင် မီးတာက ၂ ဆကောက်မယ်ပြောတယ်။ အခုတောင် ဘာမှမသုံးဘဲ တစ်လကို ၄ သောင်းလောက်ကျနေတာ။ အစ်မတို့ကို မသုံးနိုင်ရင် မီးဖြုတ်မယ်ပြောတယ်။ အစ်မတို့လည်းအဲဒီ လောက်စီးပွားရေးကျပ်တည်းနေတဲ့ကြားတဲ့ မီတာခ တိုးကောက်မယ်ဆိုနေတော့ မသုံးပဲနေမလားလို့စဥ်းစားနေပါတယ်” ဟု ပြောသည်။

သာမာန်ဒေသခံများကို ပြည်မဖက်သို့ စစ်ရှောင်မည်ဆိုပါက ထောက်ခံစာမျိုးစုံပြနိုင်ပြီး စစ်ကောင်စီမှ ချပေးသည့် ကားဖြင့်သာ သွားလာရပြီး ငွေကြေးများလည်း သိန်းနှင့်ချီကုန်ကျနေကာ ဝန်ထမ်းများကိုဆိုလျှင် တစ်ဦးတစ်ယောက်မှ စစ်ရှောင်ခွင့် မပေးတော့ဟု မြို့ခံများက ပြောသည်။

အမ်းမြို့တွင် စက်တင်ဘာခ ၁ ရက်နေ့မှ စ၍ ည ၉ နာရီမှ နံနက် ၅ နာရီအထိ  ညမထွက်ရအမိန့်ကို  မြို့နယ် အုပ်ချုပ်ရေးမှုးက ထုတ်ပြန်ထားပြီး မလိုက်နာသူများကို ဖမ်းဆီးအရေးယူမည်ဟု ဆိုသည်။

လက်ရှိတွင် အမ်းမြို့ပတ်ပတ်လည် တောတောင်စိုက်ခင်းများတွင် စစ်ကောင်စီက မိုင်းထောင်ထားသည့် အတွက် တားမြစ်နေရာသို့ သွား‌ရောက်၍ မိုင်းနင်းမိလျှင် ငွေ ၅ သိန်း လျော်ကြေးပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသဖြင့် ဟင်းရှာ ငါးရှာသည့်  လက်လုပ်လက်စားများမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများကဆိုသည်။

နောက်ထပ် အမ်းမြို့ စစ်တပ်ရင်းများနှင့်နီးစပ်သည့် ကျေးရွာများတွင်လည်း စစ်ကောင်စီ အင်အားတိုးချထားပြီး ပြည့်သူ့စစ်သင်တန်းသားများကို ကျေးရွာအုပ်ချုပ်မှူးထံများမှ တဆင့် တောင်းခံနေကြောင်း သိရသည်။

လက်ရှိအမ်းမြို့ခံများမှာ ကုန်စျေးနူန်းကြီးမားမှုဒဏ်ကိုခံရသည့် အပြင် လုံခြုံရေးတင်းကျပ်ခံရခြင်း မြို့ပြင်သို့ထွက်ခွင့်မရှိသဖြင့် ပိတ်လှောင်ခံထားရကြောင်း သိရသည်။

စစ်ကောင်စီသည် အမ်းမြို့တွင် အာရက္ခတပ်တော်၏ ထိုးစစ်ကိုခုခံရန် စစ်ရေးအရအကြီးအကျယ် ပြင်ဆင်နေကြောင်း သိရသည်။

အမ်းမြို့တွင် ခမရ(၃၇၁)၊ခမရ(၃၇၃)၊ တမိုင်ကုန်း၊ စစ်မြေပြင်အင်ဂျင်နီယာတပ်၊၊အမ်းနပခဌာနချုပ်နှင့် လက်နက်ကြီးစခန်းများနှင့် မဲ‌တောင်ရှိကာကင်းစခန်းနှင့် မြို့အနီးအနားများတွင် စစ်ကောင်စီ၏ ကာကင်းစခန်းငယ်များလည်းရှိနေကြောင်းသိရသည်။

အမ်းမြို့သည် ပြည်မနှင့် ရခိုင်ကို ဆက်သွယ်ထားသည့် ဝင်ပေါက် ထွက်ပေါက်ရှိရာ မြို့ဖြစ်သည် သာမက စစ်ရေးအရအရေးပါသော မြို့တမြို့ဖြစ်သည်။ အမ်းသည် ခရီးသွားလာရေးနှင့် ကုန်သွယ်ရေး ပြုလုပ်နေသည့် အဓိကအချက်အချာကျသည့် မြို့တမြို့လည်းဖြစ်သည်။

အမ်းမြို့နှင့် နယ်ကျေးရွာများအကြား ကုန်းလမ်းရေလမ်း ဆက်သွယ်ရေးကို စစ်ကောင်စီမှ ပိတ်ဆို့ထားသည့်အတွက် မြို့ပေါ်ဒေသခံများမှာ  စားနပ် ရိက္ခာပြတ်လပ်နေပြီး အကူအညီများ လိုအပ်နေကြောင်း မြို့ပေါ်ဒေသခံများက ပြောသည်။ 

ဓာတ်ပုံ-လူမှုကွန်ယက်စာမျက်နှာ 

ဆက်စပ် သတင်းများ