အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းနေစဉ် မောင်တော အောင်ဗလရွာမှ ရွာသား ၈ ဦးအထိ သတ်ဖြတ်ခြင်းခံခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(၃ ဦးမှာ ရက်စက်စွာမီးရှို့သတ်ဖြတ် ခံခဲ့ရဟုဆို)

နောင်မင်းသူ၊ နိရဉ္စရာ၊ စက်တင်ဘာ ၆ /၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် တိုက်ပွဲ ပြင်းထန်နေစဉ် အတွင်း ရွှေဇား‌ကျေးရွာအုပ်စု၊ အောင်ဗလ(ရခိုင်)ရွာမှ ဒေသခံရွာသား ၈ ဦးကို စစ်ကောင်စီနှင့် အ‌ပေါင်းအပါ မွတ်ဆလင်လက်နက်ကိုင်များက  သတ်ဖြတ်ပစ်ခဲ့ကြောင်း  ဒေသခံများမှ တစ်ဆင့် သိရှိရသည်။

အောင်ဗလ ရွာသား တစ်ဦးက " တိုက်ပွဲပြင်းထန်နေချိန်မှာ သတ်ဖြတ်ခံခဲ့ရတာပါ။ ဇူလိုင် ၁၁ ရက် ပတ်ဝန်းကျင်မှာ သတ်ဖြတ်ခံခဲ့ကြရတာပါ။ ကျွန်တော်တို့ နောက်ဆုံးကြားသိရသလောက်ကတော့ ရွာခံသား ၈ ဦးအထိ အသတ်ခံခဲ့ရတယ်လို့ သိရတယ်။ နာမည်တွေလည်း ရရှိထားပါတယ်"ဟု‌ ပြောသည်။

သတ်ဖြတ်ခံသူများမှာ ဦးကျော်နိုင် (၃၈) နှစ် (ဘ) ဦးစိန်လှချေ၊ ကိုအလှချေ (၂၇) နှစ် (ဘ)ဦးသိန်းထွန်း၊  ဦးစံလှထွန်း (၅၀) နှစ်၊ ဦးကျော်စိန်ချေ (၅၆) နှစ်(အုပ်ချုပ်‌ရေးမှူးဟောင်း)၊ ဦးထွန်းဝင်း (၅၄) နှစ်၊ ဦးခင်မောင်ချေ (၄၉) နှစ် (ဘ) ထွန်းသာမောင်၊ ဦးမဲတောင်ချေ (၈၂) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မစောဖြူ (၇၃) နှစ်တို့ ဖြစ်ကြကြောင်း ၎င်းက ပြောသည်။

ထိုအထဲမှ ခင်မောင်ချေ၊  ဦးမဲတောင်ချေနှင့် ဇနီးဖြစ်သူ ဒေါ်မစောဖြူမှာ နေအိမ် ပေါ်၌ မီးရှို့ သတ်ဖြတ် ခံခဲ့ကြရကြောင်း ဒေသခံရွာသားများကအတည်ပြုပြောဆိုသည်။

"ကိုခင်မောင်ချေက သူနေအိမ်မှာ အိပ်ပျော်နေချိန် စစ်တပ်နဲ့ မွတ်ဆလင် စစ်သားတွေက သေနတ်နဲ့ ပစ်သတ်ပြီး နေအိမ်ကိုပါ မီးရှို့ခဲ့တယ်လို့ သိရတယ်။ အဖိုးမဲတောင်ချေနဲ့ အဘောင်မစောဖြူ တို့ ဇနီးမောင်နှံကို‌ နေအိမ်ကို မီးရှို့စဉ်မှာ မီးထဲပါသွားတယ်လို့ သိရတယ် "ဟု ဒေသခံရွာသား တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ၎င်းတို့ သင်တန်းပေးထားသော မွတ်ဆလင်လက်ကိုင် အင်အား ၁၀၀ ကျော်ခန့်သည် မောင်တောမြို့ ဆင်ခြေဖုံးရှိ အောင်ဗလကျေးရွာထဲသို့ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက် လာခဲ့ကြပြီး နေအိမ်များအားမီးရှို့ခဲ့သလို ရွာထဲ၌ ထွက်မပြေးနိုင်ကြသည့် ကျေးရွာသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်ဟု ပြောဆိုသည်။

“ဒီဖြစ်စဉ်တွေကို အေအေ တပ်တော်က သေချာစိစစ်ပြီးဖော်ထုတ်ဖို့လိုပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားတွေ တော်တော်များပါတယ်။ ရခိုင်တွေသာမက မွတ်ဆင်၊ ဟိန္ဒိူနဲ့ မြိုတိုင်းရင်သား တွေလည်း အသတ်ခံရတဲ့ အထဲမှာ ပါဝင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် တာဝန်ရှိသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းထားဆဲဖြစ်ပါသည်။

ရွှေဇားကျေးရွာအုပ်စု အောင်ဗလ ရခိုင်ကျေးရွာ၌ အိမ်ခြေ ၁၂၇ အိမ်၊ လူဦးရေ ၈၀၀ ခန့်နေထိုင်ကြပြီး ငါးလုပ်ငန်းနှင့် ငပိလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် တံငါရွာလေးတစ်ခုဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ