အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မီဇိုရမ်ဝန်ကြီးချုပ်၏ ပြောဆိုမှုကို ကြိုဆို၊ အပြန်အလှန်အကျိုးပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည်ဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 4.1k

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ စက်တင်ဘာ ၆/၂၀၂၄

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ ပြောဆိုမှုကို ကြိုဆိုပြီး အပြန်အလှန်အကျိုးပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက စက်တင်ဘာလ ၄ ရက်က ချင်းလူထုနှင့်တွေ့ဆုံပွဲတစ်ခုမှာ အာရက္ခတပ်တော် (AA) နှင့် မိတ်ဆွေဖွဲ့ပြီး အတူလက်တွဲရမည်ဟု ပြောဆိုမှုအပေါ် ဦးခိုင်သုခက ယခုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါဟာ အိမ်နီးချင်းကောင်းပီသတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ မီဇိုတွေ၊ ရခိုင်တွေဟာ ရာစု နှစ်ပေါင်းများစွာ ကုလားတန်မြစ်ရေကို အတူတူသောက်သုံးနေကြတဲ့သူတွေဖြစ်တဲ့အတွက် နိုင်ငံ ဟိုဖက်ဒီဖက်ခြားနေရင်တောင် တမြေတည်းနေလို့ တရေတည်းသောက်နေတဲ့လူတွေဖြစ်တယ်။ ဒါကြောင့် အခုလို မှန်ကန်တဲ့ သဘောထားရှိတာကို ဝမ်းသာပါတယ်။ မီဇိုတော်လှန်ရေး ကာလ တလျောက်လုံး ရက္ခိုင်တွေတတ်နိုင်သမျှအကူအညီပေးခဲ့ကြတာတွေရှိတယ်။ ရှေ့ဆက်ပြီးတော့လည်း ရခိုင်တွေအနေနဲ့ မီဇိုးတွေနဲ့ ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်အကျိုးပြုမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကို ဆက်ပြီးမြှင့်တင်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ်” ဟု ပြောသည်။

၁၉၇၀ ကျော်က အိန္ဒိယဗဟို အစိုးရကို တော်လှန်စဉ်  မီဇိုတော်လှန်ရေးသမားများသည် ရခိုင်ပြည်တွင် ဝင်ရောက်ခိုလှုံခဲ့ကြပြီး ရခိုင်လူမျိုးများက တတ်နိုင်သမျှ ကူညီခဲ့မှုများလည်း ရှိခဲ့သလို ရှေ့ဆက်လည်း ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ကျိုးပြုမှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ရည်ရွယ်ချက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ပလက်ဝဒေသကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှ ကုန်ပစ္စည်းများကို ရခိုင်သို့ တင်သွင်းကာ ကုန်သွယ်နေကြသည်။


သို့သော် အေအေက မဟာမိတ်ချင်းညီနောင်အဖွဲ့များအား ချင်းပြည်မြို့သိမ်း တိုက်ပွဲများတွင် ကူညီတိုက်ပေးပြီးနောက် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ဗဟိုလိုင် လူငယ်အဖွဲ့က ချင်းပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်သည်ဟုဆိုကာ ရခိုင်ကုန်သည်များကို ကုန်သွယ်ခွင့် ပိတ်ပင်မှုများပြုလုပ်ခဲ့သည်။

ဗဟိုလိုင်လူငယ်အဖွဲ့၏ ကန့်သတ် ပိတ်ပင်မှုကြောင့် ချင်းပြည်၊ ပလက်ဝ နှင့် ရခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားပြီး စက်သုံးဆီ နှင့် အခြေခံစားသောက်ကုန်များမှာလည်း ဈေးအဆမတန် မြင့်တက်ခဲ့ရသည်။

ယင်းကြောင့် မီဇိုရမ်နှင့် အာရက္ခတပ်တော်တို့အကြား ပူးပေါင်းလက်တွဲမည့်အရေးကို ဝမ်းသာ ကြိုဆိုသည်ဟု မြောက်ဦးမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

"နောက်ကိစ္စက ဘာမှန်းမသိပေမဲ့ အချင်းချင်းပြေလည်တယ်။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ။ နယ်စပ်ဒေသတွေဖြစ်တဲ့အတွက် ဒါဟာ အရမ်းအရေးကြီးတဲ့ကိစ္စပါ။ ဝမ်းသာပါတယ"

လက်ရှိမှာ မီဇိုရမ်ပြည်နယ်မှ တာဝန်ရှိသူများနှင့် အာရက္ခတပ်တော်တို့ကြား တွေ့ဆုံ ဆွေးနွေးမှုများလည်း ရှိသည်ဟု သိရသည်။

ယင်းအပြင် အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ် ထွက်ပေါက်ရစေမည့် ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းသည်လည်း မီဇိုရမ် နှင့် ရခိုင် ဆက်ဆံရေးအပေါ် အဓိကကျသည့် စီမံကိန်းဖြစ်သည်။

၂၀၁၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ စတင်ခဲ့သည့် အဆိုပါ ပလက်ဝ-ဇိုရမ်ပူလမ်းကို ကိုဗစ် ကပ်ရောဂါနှင့် ဒေသမတည်ငြိမ်မှုတို့ကြောင့် ၂၀၂၀ ခုနှစ်တွင် ရပ်နားခဲ့ရပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည် စတင်ခဲ့သည်။

သို့သော် စစ်ရေးအခြေအနေများကြောင့် ပြန်လည်ရပ်နားခဲ့ရပြီး အေအေက ပလက်ဝကို သိမ်းပိုက်ပြီးနောက်မှာ ပြန်လည်စတင်နိုင်ခဲ့သည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၉ ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Vanlalvena နှင့် AA တို့ နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံ ဆွေးနွေးမှုရှိခဲ့သည်။

(ဓါတ်ပုံ- VOC) 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!