အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ကိုလည်း ခြံစည်းရိုးကာရန် စစ်ကောင်စီ စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

အေးမြတ်ခိုင်၊ စက်တင်ဘာ ၆/၂၀၂၄

တရုတ်စီမံကိန်းများတည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်လာမည်ကို စိုး၍ ခြံစည်းရိုးကာရန်   စစ်ကောင်စီ စီစဉ်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့ကို ခြံစည်းရိုးကာရန်အတွက် စည်ပင်ကော်မတီဟောင်း (အင်/ယာ) ဦးအောင်နိုင်ကို ကန်ထရိုက်ပေးထားပြီး ရန်ကုန်မှ သံထည်ပစ္စည်းများကို သ​င်္ဘောဖြင့် ပို့ရန်စီစဉ်နေပြီဟု စစ်ကောင်စီနှင့် နီးစပ်သည့်သတင်းရင်မြစ်ကပြောသည်

“ဦးအောင်နိုင်ကို ကန်ထရိုက်ပေးထားပြီးပြီ။ သံထည်တွေလည်း မကြာခင်ရောက်မယ်ပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီက အေအေထိုးစစ်ဆင်လာမည်ကိုစိုးရိမ်သလို မြို့တွင်းမှ ဒေသခံများကို ဓားစာခံအနေနှင့် အသုံးချလာနိုင်သည့်အတွက် ပြည်သူကိုသာ အခက်အခဲများစွာဖြစ်စေမည့်ကိစ္စဖြစ်ကြောင်း သူကပြောသည်။

စစ်တွေနှင့် ကျောက်ဖြူမြို့မှ ဒေသခံများကို အဆုံးအဖြတ်တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် လွတ်မြောက် နယ်မြေများသို့ ထွက်ခွာကြရန် အာရက္ခတပ် တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ ရက်တွင် ကျရောက်သော AA ၁၅ နှစ်ပြည့် မွေးနေ့မှာ ပေးပို့သည့်သဝဏ်လွှာတွင် သတိပေး ပြောဆိုခဲ့သည်။

ယင်းသို့ သတိပေးမှုကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ကာလရှည်ကြာ စားဝတ်နေရေးအခက်အခဲကြောင့် ကျောက်ဖြူဒေသခံအများစု မြို့ထဲကို ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့်အတွက် မြို့ထဲမှ ပြည်သူများ ပိတ်မိသွားမည်ကို စိုးရိမ်သည်ဟု ကျောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောသည်။

“အရင်က လမ်းကြောင်းအမျိုးမျိုးနဲ့ပိုက်ဆံပေးပြီးပဲဖြစ်ဖြစ် ဆေးဝါးတွေ၊ အစားအသောက်တွေ ယူလို့ရသေးတယ်။  အခုခြံကာလိုက်ရင် လုံးဝဝင်မရတော့ဘူး။  နောက်ပြီးပင်လယ်မှာ ငါးရှာပြီး အသက်မွေးကြသူတွေလည်း ဒုက္ခရောက်နိုင်တယ်။  စစ်ဖြစ်လာရင်လည်း မြို့ထဲကလူတွေအား လုံးပိတ်မိသွားမယ်။ အခက်အခဲတော်တော်ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့အဝင်အထွက်က ကျောက်တလုံးစစ်ဆေးရေးဂိတ်ကို မြို့ထဲဝင်ရန် လူတစ်ဦးကို ကျပ် ၁ သိန်းခွဲ၊ မြို့ပြင်ထွက်ရန် ကျပ် ၅ သောင်းပေးကာ သွားလာနေကြရသော်လည်း စစ်ဆေးဖမ်းဆီးမှုများ၊ ငွေညှစ်မှုများ ရှိသောကြောင့် သွားလာရန်အခက်အခဲရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီက ကျောက်ဖြူမြို့ နှင့်နီးသည့် ကရင်တောရပ်ကွက် စိုင်ခြုံဖက်သို့သွားသည့် စက်လှေဆိပ်၊ စစ်ကောင်စီတပ်ရင်းများသည် ဖြစ်ကြသည့် ခလရ (၃၄)နှင့် ခမရ(၅၄၂) တပ်ရင်းများမှ ငလပွေ့ချောင်းတဖက်ကမ်းရှိ စိုင်ခြုံဒွိန် ရွာ နှင့် အောင်စေတီရွာအနီးအနား ၊ ခမရ (၅၃၄)အနီးတဝိုက်၊ ပြင်ဝန်း၊ မင်းတက်တောင် စသည့် ကျေးရွာ အနှံ့အပြား အရပ်သား ပြည်သူများသွားလာ၊ လုပ်ကိုင် စားသောက်နေသည့် လယ်မြေ၊ လမ်းများတွင်လည်း မတ်လကတည်းက မိုင်းထောင်ထားကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်မြို့တော် စစ်တွေကိုလည်း စစ်ကောင်စီက ကမ်းခြေတစ်လျှောက်တွင် ခြံစည်းရိုးများခတ်ပြီး ခံစစ်ပြင်ဆင်ထားသလို ဒုတိယမြို့တော်ဖြစ်သည့်ကျောက်ဖြူကိုလည်း စစ်ရေးအရ ခြံစည်းရိုးခတ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ