အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်ရွှေလေးရေတပ်ကျပြီးနောက် AA ၏ ဂွမြို့နယ်ထိုးစစ်ပိုမိုပြင်းထန်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.5k

(စစ်ကောင်စီက လေယာဉ်များနှင့်သာမက ခေတ်မီ ဒရုန်းများသုံးပြီး အသည်းအသန်ခုခံကာကွယ်နေ)

လူထက်နိုင် (ဒွာရာမြီ) နှင့် သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၇ /၂၀၂၄

သံတွမြို့နယ်မှ အရေးပါသည့် နောက်ဆုံးလက်ကျန် ရေတပ်စခန်းတစ်ခုဖြစ်သည့် မောင်ရွှေလေး ရေတပ်ကို အာရက္ခတပ်တော် ( AA)က သိမ်းပိုက်သွားပြီးနောက် ဂွမြို့ထိုးစစ်မှာ ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာသည်ဟု သိရသည်။

ဂွမြို့သည် ဧရာ၀တီတိုင်သို့ ဝင်ပေါက်ဖြစ်ပြီး ဂွမြို့ ကျသွားပါက ဧရာ၀တီ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်သဖြင့်  စစ်ကောင်စီကလည်း ဂွမြို့ မကျရေးအတွက် အာရက္ခတပ်တော် ချီတက်လာသည့် လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ထားကာ လေကြောင်းမှ စစ်လေယာဉ်ဖြင့်သာမက ဒရုန်းများနှင့်ပါ အသည်းအသန် ခုခံ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသအတွင်းက စစ်ရေးလေ့လာသုံးသပ်သူများ ပြောကြားသည်။

သံတွဲမြို့နယ်မှ ဂွမြို့နယ်ဘက်သို့ အဝင် ကုလားပြင်‌ ကျေးရွာမှ  ကြွေချိုင်ကျေးရွာ အထိ ကားလမ်းအား  စစ်‌ကောင်စီမှ  စက်တင်ဘာ ၅ ရက် နေ့လယ်က စပြီး ပိတ်ထားက ပြည်သူတစ်ဦးတစ်ယောက်မှ လမ်းပေါ်သို့ မထွက်ရန်အမိန့်ပေးထားသည်ဟု ဂွဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

"  ဒီအခုလမ်းပိတ်လိုက်တာက ဂန့် ဂေါ်တောင်ဘက်မှာ တိုက်ပွဲပြင်းနေတယ်လေ။ အဲဒီအတွက် စစ်ကောင်စီက စစ်ကူလမ်းကြောင်းဖြစ်တဲ့ ဒီလမ်းကိုပိတ်လိုက်တာ။ မနက်ရော ညပါမထွက်ရတာ။ အခုရွာသားတွေလည်း ပိတ်မိနေကြပြီ " ဟုပြောသည်။

ရခိုင်ပြည်၊ ကျိန္တလီမြို့ နယ်၊ ဂန့်ဂေါ်တောင်ဆည်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား စက်တင်ဘာ ၆ ရက်က တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီမှ ကြွေချိုင်ကျေးရွာမှစတင်ကာ ကုလားပြင် ဘက်သို့  လမ်းပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဂန့်ဂေါ်တောင်ဆည်နှင့် ဂန့်ဂေါ်တောင်ကျေးရွာသည် စစ်ကောင်စီတပ်ဆုတ် အထိုင်ချထားသော ကုလားပြင်ကျေးရွာနှင့် ၂ ဖာလုံသာကွာဝေးတော့ပြီး စစ်ကောင်စီသည် ကုလားပြင်ကျေးရွာမှ တပ်မဆုတ် ရရေးအတွက် အပြင်းအထန်ကာကွယ်နေကြောင်းဒေသခံများကဆိုသည်။

“ မနေ့က ကိုင်းခုံဖက်မှာဖြစ်တယ်၊ ကိုင်းခုံနဲ့  ဂန့်ဂေါ်တောင်က လမ်းတစ်ဖက်ဘဲ ခြားတာလေ။ စစ်တပ်က တော်တော်ခံနေရတာ စစ်သားတွေထွက်ပြေး တာတောင်ရှိတယ်။ ကုလားပြင်နဲ့က နီးနီလေး ဒီရက်ပိုင်း ကုလားပြင်ကျလိမ့်မယ်။  ဂန့်ဂေါ်တောင်က ကျိန္တလီမြို့ နဲ့ ၇ မိုင် လောက်ဝေးတယ်။ ကျိန္တလီမြို့ ကနေ တောင်ဘက်  ၇ မိုင်လောက်ကို အေအေထိန်း ချုပ်ပြီး ကုလားပြင်ဘက်ကို ထိုးစစ်ဆင်လာတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိန္တလီမြို့ နှင့်ကုလားပြင်ကြားရှိ ဆားချက်ရွာ၊ ကိုင်းခုံရွာတို့တွင် စက်တင်ဘာ ၄ ရက်မှစ၍ တိုက်ပွဲ ပြင်းထန်နေပြီး စက်တင်ဘာ ၆ရက်တွင်  ဂန့်ဂေါ်ကျွန်းဆည် အနီးသို့ တိုက်ပွဲကူးစက်ဖြစ်ပွားလာကာ စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ တို့ဖြင့် ပူးပေါင်းခုခံနေကြောင်း ဒေသခံများကပြောသည်။

ကုလားပြင်ကျေးရွာမှ  ဘဝင်ရွာကို အင်အား ၇၀ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်း ထိုးပြီး ဘဝင်ရွာ၏ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲကာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ ဒရုန်းများ ဖြင့် ပစ်ကူပေးနေပြီး ဂျက်ဖိုက်တာ ၂ စီးဖြင့်လည်း ဗုံး (၅)ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့‌သည်ဟု ဂွဒေသခံစစ်ရှောင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ကုလားပြင်နဲ့ ဘဝင်ရွာက ဂွဖက်အခြမ်းမှာရှိတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ဘဝင်ရွာနဲ့ မနီးမဝေးမှာ ဖြစ်နေတာ။ ကျိန္တလီမြို့အပိုင်ထဲမှာပါတယ်။ ဂွမြို့နဲ့တော့ နည်းနည်း ဝေးသေးတယ်။ ဘဝင်ရွာကို ထိုးလာတဲ့ စစ်ကြောင်းကနေပြီး တိုက်ပွဲဖြစ်တဲ့နေရာကို ဒရုန်းနဲ့ပစ်တယ်။ ‌ဂျက်ဖိုက်တာ ၂ စီး နဲ့လည်း တောင်တန်းတစ်ဝိုက်ကို ဗုံးကြဲခဲ့တယ်" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကိုင်းခုံကျေးရွာ၊ဂန့်ဂေါ်တောင်ကျေးရွာတို့နှင့် ချောင်းတစ်ဖက်ကမ်းရှိ ကုလားပြင်ကျေးရွာတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်ပြီး ဂွမြို့အခြေစိုက် ခမရ (၅၆၂) တပ်ရင်းမှ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားသော်လည်း စစ်ကောင်စီတပ်သား တစ်ချို့ထွက်ပြေးမှုများ ရှိကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးမှပြောသည်။

” အခုက တိုက်ပွဲမှာစစ်သားတွေ ထွက်ပြေးနေတယ် လို့သိရတယ်။ စစ်ကောင်စီက ကြွေချိုင် ကျေးရွာအနားက ကားလမ်းကိုပိတ်ထားပြီး သူတို့တပ်သား တွေပြေးမှာ စိုးလို့ထင်တယ်။  ကြွေချိုင်ကဝေး သေးတယ်လေ။ ကုလားပြင်ပြီးရင်၊ သဗြုချောင်း၊  ကြွေချိုင်၊  တိုင်ကျိုး၊ ဂျိုင်ကောက် ပြီးတော့ ဆပ်သွားတံတား ကိုကျော်တာလေ။ အခုပိတ်လိုက်တာက သူတို့စစ်သားပြေးမှာစိုးတာကြောင့်ဆိုပေမယ့် ပြည်သူတွေလဲထိခိုက်တယ်” ဟုပြောသည်။

ဂန့်ဂေါ်တောင်သည် ကုလာပြင်ကျေးရွာနှင့် တဖက်တစ်ချက်သာဖြစ်သဖြင့်  အေအေထိုးစစ်ဟာ အချိန်မရွေး ကုလားပြင်ရွာသို့ရောက်ရှိလာမည်ဖြစ်သောကြောင့် ရွာသားများမပိတ်မိဖို့ ဂရုစိုက်ကြရန် လိုအပ်ကြောင်း ဒေသတွင်းစစ်ရေးလေ့လာသူတို့ကဆိုသည်။

ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ကုလားပြင်ကျေးရွာကြား ကျေးရွာ တချို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ( AA) တို့အကြား စက်တင်ဘာ ၄ ရက်နေ့တွင် တိုက်ပွဲ ထပ်မံ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းမှ ပစ်ကူပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့်  AA တို့သည်   သြဂုတ်လ ၁၀ ရက်နေ့က ကျိန္တလီမြို့တွင် နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် AA က ကျိန္တလီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိ ဂွမြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

လက်ရှိတွင်လည်း တင့်ကားများကို အထိုင်ချပြီး ပစ်ကူပေးခြင်း၊ အမြောက်တပ်က လက်နက်ကြီး ပစ်ကူခြင်း၊ ရေတပ်စစ်ရေယာဉ်များမှ လက်နက်ကြီးဖြင့် ပစ်ကူပေးခြင်းနှင့် လေယာဉ် ပစ်ကူပေးခြင်း တို့ကို ကြေး၊ရေ၊လေကို အသုံးပြုပြီး အာရက္ခတပ်တော်၏ ထိုးစစ်ကို အပြင်းအထန် ခုခံနေသည်။

လက်ရှိ ဘဝင်ရွာကို စစ်ကြောင်းထိုးလာသည့်အထဲတွင် ပြည်သူ့စစ်၊ ဧရာဝတီနှင့် ဂွမြို့ အခြေစိုက် တပ်ရင်းများပူးပေါင်းပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဘဝင်ရွာတွင် အိမ်ခြေ  ၂၅၀ ကျော် ခန့်ရှိပြီး  စစ်ကောင်စီမှတပ်စွဲထားသဖြင့် ပိတ်မိနေကြသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီက လမ်းပိတ်ထားသည့် လမ်းကြောတစ်လျှောက်တွင် စစ်ကူများလည်း ထပ်မံ ဖြည့်တင်းနေကာ အဆိုပါ လမ်းတစ် လျှောက်ရှိ ကျေးရွာများမှာ ပိတ်လှောင် ခံထားရသဖြင့်  လူသားဒိုင်းအဖြစ်ပြုလုပ်မည်ကို စိုးရိမ်ကြောင့်ကြနေကြောင်း သိရသည်။


ဆက်စပ် သတင်းများ