အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များအတွက် ချင်းမိုင်တွင် ပြုလုပ်သည့်ရုပ်ရှင်ပြပွဲမှ အလှူငွေ ကျပ်သိန်း ၂၀၀ ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 500

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ စက်တင်ဘာ ၇/၂၀၂၄

ရခိုင်စစ်ဘေးရှောင်များအတွက် “သတ္တိနဲ့ ပွင့်လန်း ချစ် သောပန်းများ" ရန်ပုံငွေရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ရာ အလှူငွေ ဘတ် ၁၂,၀၀၀၀ (မြန်မာငွေ သိန်း ၂၀၀ )ရရှိခဲ့ကြောင်း သိရှိရသည်။

၎င်းရန်ပုံငွေ ရှာဖွေသည့် ရုပ်ရှင်ပွဲအား စက်တင်ဘာလ ၆ ရက် (သောကြာ နေ့) ညနေ၅ နာရီခွဲမှ ၈ နာရီခွဲအထိ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲအား  'Payap University' တွင် Artist’s Shelter က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဦးဆောင်ကျင်းပသူတစ်ဦးက  “အခုက ကျနော်တို့ရဲ့ တတိယမြောက်ပွဲဖြစ်တယ်။ ဒီပွဲကို Artists' Shelter နဲ့ ပေါင်းပြီး ရုပ်ရှင်ပြပွဲလုပ်ခဲ့တယ်။ ကျနော်တို့ ဘယ်နေရာ၊ ဘယ်ဒေသရယ်လို့ရည်ရွယ် သတ်မှတ်ထားတာမရှိဘူး။ ဒီလိုမျိုး ရခိုင်ပြည်နယ်အတွက် လှူဒါန်းမှုတွေ၊ များသောအားဖြင့် fund raising တွေ ပွဲတွေလုပ်ပြီး အလှူခံတာကို ကျနော်တို့ တခါမှ မသိခဲ့ရဘူး။ အဲ့ဒီအတွက် ကျနော်လည်း ရခိုင်တစ်ယောက်အနေနဲ့ ရခိုင်ဒေသမှာဒါတွေ လိုအပ်နေတယ်။ မြေပြင်အချက်အလတ်တွေအရ ဘာတွေလိုအပ်တယ်ဆိုတာကို ကျနော်တို့ စစ်တမ်းကောက်တယ်။ ပြီးတော့ သူငယ်ချင်းတွေ တိုင်ပင်ကြတယ်။ လှူဒါန်းမယ်ဆိုပြီး ဒီပွဲလေး စီစဉ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။


လက်မှတ်များကို ကြိုတင်ဝယ်ယူပါက ဘတ် ၂၀၀၊ ပြပွဲနေ့မှ ဝယ်ယူပါက ဘတ် ၂၅၀ သတ်မှတ် ရောင်းချခဲ့ပြီး လက်မှတ်မရ၍ လှည့်ပြန်ခဲ့ရသည့် ပရိတ်သတ်အများအပြားလည်းရှိခဲ့သည်။

ရခိုင်စစ်ဘေးရှောင်များအတွက် ပထမဆုံးအကြိမ်ကျင်းပသည့် အဆိုပါရုပ်ရှင်ပြပွဲမှာ အလှူငွေ ဘတ် ၁၂၀,၀၀၀ (မြန်မာငွေ သိန်း ၂၀၀ )ရရှိခဲ့ကြောင်း သိရသည်။

လက်မှတ်ရောင်းရငွေအားလုံးနှင့် အလှူခံရရှိငွေ အားလုံးကို ရခိုင်ပြည်ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် အမိုးအကာ၊ ရွက်ဖျဉ်တဲ၊ စားသောက်ကုန်များအပြင် စိုက်ပျိုးဖို့သီးနှံမျိုးစေ့ များကို ရခိုင်ပြည်သူများလက်ထဲကို ရောက်အောင် ရရာနည်းဖြင့် ထောက်ပံ့ကူညီသွားမည်ဟု သူက ဆက်ပြောသည်။ 

ပွဲကိုပါဝင်တက်ရောက်လာသည့် လူရွှင်တော်စိန်သီးကလည်း “ ကျနော်တို့ဘက်က ရခိုင် တိုင်းရင်းသားတွေက အကူညီတောင်းတယ်။ ဒီပွဲကိုလာပြီး ကူပေးပါပေါ့။ ရတယ်။ တော်လှန်ရေးမှာ ဆိုရင် ကျနော်က ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ဖြူနီအရောင်တွေ ကျနော်က မခွဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ကူညီပေးမယ်”ဟု ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြသည်။

ပြပွဲ နေ့မှာ "သတ္တိနဲ့ ပွင့်လန်း ချစ် သောပန်းများ" Film Screening အစီစဥ်မှာ ပါဝင်သည့် Guilt ၊ The Unknown Infinity ၊ “အတူတကွ”၊ “ငါတို့မှာ ငါတို့ပဲရှိတယ်” စသည့်ရုပ်ရှင်ဇာတ်ကား ၄ ကားကို ပြသခဲ့ကာ မြန်မာအစားအသောက်၊ အဝတ်အထည်များနှင့် Artists' Shelter ၏ ရောင်းကုန်များကိုပါ ခင်းကျင်း ရောင်းချခဲ့ပြီး ချင်းမိုင်ရောက် မြန်မာနိုင်ငံသားအများအပြားလာရောက်အားပေးခဲ့ကြသည်။



ဆက်စပ် သတင်းများ