အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်ကလေး ၁၀၀ကျော်ကို လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့စာသင်ပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၈ / ၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ KG တန်းမှ Greade-5 အထိ စစ်ဘေးရှောင်ကလေး ၁၀၀ ကျော်ကို လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့စာသင်ပေးနေသည်ဟု သိရသည်။

ဩဂုတ်လ ၂၈ ရက်မှစတင်ကာ  ကိုယ်ထူကိုယ်ထ အခမဲ့သင်ကြားပေးနေခြင်း ဖြစ်သည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

KG မှ Grade - 5 အထိ သင်ရိုးကုန် သင်ကြားပေးနေခြင်းဖြစ်ပြီး ကျောင်းသားဦးရေစုစုပေါင်း ၁၀၈ ဦးရှိသည့် အနက် ပုံနှိပ်စာအုပ်မပြည့်စုံသည့် ကျောင်းသားဦးရေ ၈၀ ခန့်ရှိပြီး ပုံနှိပ် စာအုပ်များ အခက်အခဲရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

"အဓိကတော့ ရန်ပုံငွေအခက်အခဲတော့ ရှိတယ်။ ကွန်ပျူတာနဲ့ PDF ဖိုင်လုပ်ပြီးတော့ A4 စာရွက်မှာ print ထုတ်ပေးဖို့ လုပ်နေပါတယ်။ စမ်းကြည့်ရအုံးမယ်။ printer ကလည်း ဆေးကုန်နေတော့ ရှာရခက်နေပါတယ်"ဟု ပြောသည်။

လက်ရှိတွင် ပုံနှိပ်စာအုပ်တစ်စုံလျှင် ကျပ် ၄၀၀၀၀ ကျော်အထိ ရှိနေ၍ အဆိုပါ ဖောင်ဒေးရှင်း အနေဖြင့် ရန်ပုံငွေအခက်အခဲကြောင့် ထောက်ပံ့နိုင်ခြင်းမရှိဟုလည်းဆိုသည်။

အလားတူ အဆိုပါကလေးများတွင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်စသည့် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။ 

“ ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ကျောင်းနေအရွယ် ကလေးငယ်တွေနဲ့ အရွယ်ရောက်တဲ့ လူငယ်တွေ ပညာသင်ကြားခွင့်မရဖြစ်နေကြတာကို တစ်ဖက်တစ်လမ်းက ကူညီနိုင်အောင် လင်းရောင်ခြည် ဖောင်ဒေးရှင်းက အခမဲ့ ပညာရေး အစီအစဉ်ကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ထို့ကြောင့် ရခိုင်မျိုးဆက်သစ်လူငယ်တို့အနေဖြင့် တိုက်ပွဲကာလတွင်လည်း ပညာရေးပိုင်း၌ လစ်ဟာမှု မရှိစေရန် အဓိကရည်ရွယ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

"လူ့အဖွဲ့အစည်းတစ်ခု တိုးတက်မယ်ဆိုရင် အဓိက ပညာရေးပေါ့နော်။ အစကနေ ပညာရေး အားနည်းတဲ့ ကျွန်တော်တို့ ရခိုင်ပြည်အနေနဲ့ အခုတိုက်ပွဲကာလမှာ ကလေးတွေက ပညာရေးကို လုံးဝထိတွေ့ခွင့်မရဘူး ဖြစ်သွားတယ်။ တချို့လူငယ်တွေဆိုရင် ပညာရေး အနာဂတ်က မဲ့နေတာမျိုး ခံစား နေကြရတယ်။ စိတ်ဓာတ်ကျတာတွေနဲ့ အတူ သူတို့ စိတ်လည်ပြီးတော့ လမ်းမှားကိုရောက်သွားမှာ စိုးရိမ်တဲ့ ရည်ရွယ်ချက်တွေလည်းပါတယ်" ဟုပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ ယခုအထိ ပုဏ္ဏားကျွန်းမြို့နယ်ရှိ Grade- 8 နှင့်အထက် လူငယ်များကိုလည်း ကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးလျက်ရှိသည်။

ထိုသင်တန်းတွင် သင်တန်းသားဦးရေ ၁၀၀ ကျော်ရှိသော်လည်း ကွန်ပျူတာ ၅ လုံးဖြင့်သာ လည်ပတ်နေရကြောင်းလည်း သိရသည်။

သင်တန်းသားများအတွက် အခြားစွမ်းရည်မြှင့်သင်တန်းများကိုလည်း သင်ကြားပေးနေသလို ရွေ့လျားစာကြည့်တိုက် (Mobile Library)တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၈၀ ခန့်ရှိသည်ဟု သိရသည်။

တချို့အဖွဲ့ဝင်များမှာ တိုက်ပွဲအခြေအနေအရ အကြောင်းအမျိုးအမျိုးကြောင့် တစ်နယ် တစ်ကျေးသို့ ရောက်ရှိနေကြပြီး လက်ရှိတွင် အဖွဲ့ဝင်ဦးရေ ၂၀ နှင့် လည်ပတ် နေရကြောင်းလည်း သိရသည်။

Photo - လင်းရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ