အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ်မှ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်မရဘဲပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 791

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ စက်တင်ဘာ ၈/ ၂၀၂၄

ဂွမြို့နယ် လောင်းကျိုးကျေးရွာမှ အမျိုးသားနှစ်ဦးကို  စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် အဆက်အသွယ်မရဘဲပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၎င်းတို့ နှစ်ဦးမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုဂေါ်ပြေးနှင့် ကိုရဲဖော်လေးတို့ဖြစ်ကြသည်ဟု သိရသည်။

ဒေသခံ တစ်ဦးက “ သူတို့က ရွာကနေ ကျိန္တလီဖက်ကိုသွားတဲ့လမ်းမှာအဖမ်းခံရတာ။ ဖမ်းတဲ့သူတွေက အိမ်စီးကားနဲ့ ရုပ်ဖျက်ထားတဲ့ စစ်သားတွေဖမ်းတာ။ ၅၆၃ က တပ်ရင်းမှူးလည်းပါတယ်ကြားတယ်” ဟု ပြောသည်။

သူတို့နှစ်ဦးသည် ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်နေ့ ညနေပိုင်းက လောင်းကျိုးရွာမှ ကျိန္တလီမြို့ဖက်သို့ ကားလမ်းအတိုင်း သွားကြစဉ် စစ်သားများနေရာယူထားသည့် ကုလားပြင်ကျေးရွာနှင့် မနီးမဝေးတွင် တည်ရှိသည့် သဗြုချောင်းရွာနားတွင် ဖမ်းဆီးခံရသည်ဟု ဆိုသည်။

ကျိန္တလီဒေသခံအမျိုးသားတစ်ဦးက  “ သူတို့ကို ဖမ်းဆီးစဉ်မှာ ကွမ်းတွေ၊ ဆေးလိပ်တွေ၊ ဆေးရွက်ကြီး တို့ကိုတွေ့လို့ စစ်ဆေးစရာရှိတယ်ဆိုပြီးခေါ်သွားတာ။ အခုအချိန် ပြန်မလွှတ် လာသေးဘူး။  ဒေသခံ အမျိုးသားတွေ ကို သူတို့က အကြောင်းအမျိုးမျိုးပြပြီး လိုက်ဖမ်းနေတာ။ ဒါကြောင့် အသွားအလာ ဆင်ခြင်ဖို့ပဲပြောချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ ကလည်း ဂွမြို့နယ် ဆင်ကူးကျေးရွာမှ ကိုသက်ပိုင်ကို ခမရ (၅၆၃) ကဖမ်းဆီးခေါ်ဆောင်သွားပြီး  ညှင်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ ချောင်းထဲရှိ ရေအိုင်ထဲသို့ ခုန်ချ သေဆုံးသွားကြောင်း ဂွဒေသခံများက ပြောသည်။

ယင်းအပြင် ၂၉ ရက်နေ့က ဂွမြို့နယ်၊ ရေကျော်ရွာတွင် စစ်ဘေးရှောင်နေသည့် လူငယ် ၁၂ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ဂွမြို့နယ် ဒေသခံပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးကာ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသဖြင့်  ဒေသခံပြည်သူများမှာ စစ်ကောင်စီ၏ ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ မသွားမလာရဲ ဖြစ်နေကြကြောင်း ဒေသခံများကပြောသည်။

ဆက်စပ် သတင်းများ