အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့ နခခ (၅)၏ လက်ကျန်ကာကင်းစခန်း ၂ခု အား AA ထပ်မံထိုးစစ်ဆင်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 8.1k

(စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကြဲပြီး Y-12 လေယာဉ်ဖြင့် နခခ(၅)အား လက်နက် ရိက္ခာများချပေးခဲ့)

နောင်မင်းသူ၊ နိရဉ္စရာ၊စက်တင်ဘာ ၈ /၂၀၂၄

မောင်တောမြို့မှ နောက်ဆုံးလက်ကျန် နခခ(၅)၏ စခန်းအပြင်တွင် တည်ဆောက်ထားသည့်  ကာကင်းစခန်းများဖြစ်ကြသည့် လူကယ်ပြန်ရုံးနှင့် ဘင်္ဂလာဘုန်းတော်ကြီးကျောင်း ကာကင်း စခန်း ၂ ခု အား စက်တင်ဘာ ၈ ရက်နေ့  နံနက်ပိုင်းတွင် အာရက္ခတပ်‌တော် (AA) မှအပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။

" ဒီကနေ့ မနက်ပိုင်း အာရုဏ်အချိန်မှာ မြို့မ ကညင်တန်းက လူကယ်ပြန်ရုံးနဲ့ ဘင်္ဂလာ ဘုန်းတော်ကြီးကျောင်း ကာကင်းစခန်းတွေကို AA ကွန်မဒိုတွေက ကျားတက်ထိုးပြီး တိုက်ခိုက် သိမ်းလိုက်ပြီလို့ သိရတယ်။ စခန်းနှစ်ခုလုံးကို ရရှိသွားခဲ့ပါပြီး"ဟု မောင်တော စစ်ရေး သတင်းရင်းမြစ်ကပြောကြားသည်။

AAမှ အဆိုပါ စခန်းနှစ်ခုအား ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ချက်ချင်းဆိုသလို စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၂ စီး ပျံဝဲ ရောက်ရှိလာပြီး လူကယ်ပြန်ရုံး နှင့် ဘင်္ဂလာဘုန်းတော်ကြီးကျောင်း အနီးကို  ဗုံးများလာကြဲချခဲ့ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်း ၂ ခုသည် AA မောင်တောမြို့အား ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေး လာကြသည့် စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့်  မွတ်ဆလင် လက်နက်ကိုင်များဖြင့် အခိုင်အမာ အင်အားဖြည့် နေရာယူထားသော ကာကင်းစခန်းများ ဖြစ်သည်ဟု သိရသည်။

“ သူတို့က အင်အားအများအပြားနဲ့ လူကယ်ပြန်ရုံးနဲ့  ဘင်္ဂလာဘုန်းတော်ကြီးကျောင်းမှာ အခိုင်အမာ တပ်ချပြီး နခခ ၅ ကို ကာကွယ်နေကြတာ။ လက်နက်ကြီးနဲ့ ပစ်လို့လည်း မရဘူး။ လက်နက်ငယ်တွေနဲ့လည်း ပစ်လို့ မရဘူး။ အဆောက်အဦတွေရဲ့ အတွင်းဘက်နေပြီး ခုခံနေကြတာ။  လက်နက်ချဆိုလည်း မချကြဘူး။ ဒီတော့ တပ်တော်က ကွန်မဒိုတွေက ဝင်ပြီး ဒီကနေ့ မနက်မှာ ကျားတက်ထိုးတာ။ စစ်ကောင်စီတပ်သားတွေ အကုန်ကျပြီး အေအေ သိမ်းပိုက်နိုင်ခဲ့တာ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 


အဆိုပါ ကာကင်းစခန်းများ မကျစေရန်  စစ်ကောင်စီက စက်တင်ဘာ ၁ ရက်နေ့ကစပြီး အကြိမ်ကြိမ် ဗုံးလာကြဲချ‌ပြီး အပြင်းအထန်ကာကွယ်နေခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ၎င်းကာကင်းစခန်း ၂ခုထဲရှိ နယ်ခြားစောင့်စစ်သားများအား နောက်မဆုတ်ရ အမိန့်ပေးထားပြီး နောက်ဆုတ်လာပါက စနိုက်ဘာဖြင့် ပစ်ခတ်ရန် နခခ (၅) တာဝန်ခံ ဗိုလ်မှူးချုပ် သူရိန်ထွန်းက အမိန့်ပေးထားသည့် စခန်းများဖြစ်ကြသည်ဟုလည်း စစ်လော်ဘီ သတင်းရင်းမြစ်များက ပြောဆိုထားသည်။

ထိုသို့ ကာကင်းစခန်း ၂ ခု ထပ်မံကျသွားသဖြင့် နောက်ဆုံး လက်ကျန် နခခ (၅) တစ်ခုတည်းသာ ကျန်ရှိနေပြီး အဆိုပါ စခန်း မကျစေရန် စစ်ကောင်စီက လေယာဉ်ပေါ်မှ လေထီးများဖြင့် လက်နက်ရိက္ခာအများအပြား လာချပေးနေရသည်ဟု မျက်မြင်ဒေသခံများက ပြောဆိုသည်။

"နခခ(၅)ကို စက်တင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီခွဲ အချိန်က စစ်ကောင်စီက Y - 12 လေယာဉ်ပေါ်က လေထီးတွေနဲ့ လက်နက်ရိက္ခာတွေ ချပေးခဲ့တယ်။ ခုလို ချပေးတာ လေးကြိမ်ရှိပြီ။ စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာလည်း လေထီးအလုံး ၂၀ ကျော်နဲ့ လက်နက်ရိက္ခာတွေ ချပေးတာတွေ့ရတယ် "လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုသို့ ချပေးရာတွင် သြဂုတ်လ ၁၀ ရက်နေ့က တစ်ကြိမ်၊  ဩဂုတ်လ ၂၉ ရက်က တစ်ကြိမ်၊ စက်တင်ဘာ ၇ ရက်နေ့က တစ်ကြိမ်၊ စက်တက်ဘာ ၈ ရက်နေ့က တစ်ကြိမ် ၄ ကြိမ်တိုင်တိုင် လေထီးများဖြင့် ချပေးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။ (ဓာတ်ပုံ- ကာကင်းစခန်း ၂ ခုအားတွေ့ရစဉ်)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!