အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

သံတွဲမြို့ ကို စစ်ကောင်စီဗုံးကြဲ၊ ၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ စက်တင်ဘာ ၈/၂၀၂၄


ရခိုင်ပြည်၊ သံတွဲမြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍  အစ္စလာမ်ဘာသာရေးဆရာ ၁ ဦးအပါအဝင်  ၅ ဦးဒဏ်ရာရရှိသွားကြောင်း သတင်း ရရှိသည်။

 

ဒဏ်ရာရရှိသူများမှာ အမှတ် (၇) ဗောဓိကုန်းရပ်ကွက်မှ  အစ္စလာမ်ဘာသာဝင် မွတ်ဆလင် ဗလီဆရာ ဦးမောင်ဆန်း (၆၀)နှစ် အပါအဝင် ရခိုင်လူငယ်များဖြစ်ကြသည့်  ကို မောင်ကောင်း (၂၆) နှစ်၊ ကိုဇွဲသက်မာန် (၂၀)နှစ်၊  မသိန်းသိန်းစိုး(၂၁)နှစ်နှင့် ကိုဇင်မောင်မောင် (၃၀)နှစ် တို့ ဖြစ်ကြသည်။

 

အလားတူ သံတွဲမြို့ကို စက်တင်ဘာ ၇ ရက်နေ့  ညနေ ၇ နာရီခွဲ ခန့်က ဂျက်ဖိုက်တာမှ ဗုံးလာကြဲရာတွင် အမှတ် (၇)  လူနေရပ်ကွက် အတွင်း၌လည်း  ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့၍ အစ္စလာမ် ဘာသာရေးဆရာ ၁ ဦးအပါအဝင်  ၅ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း  သံတွဲမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

 

" မြို့ကို ညဖက်လာကြဲသွားတာ။ ဘယ်သူမှမထင်ထားဘူး။  ဒီလိုလာကြဲမယ်လို့ မြို့ပေါ်မှာ အေးဆေး ဖြစ်နေတာကို အခုလို ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာပါ ။ ကျောင်းဆရာတစ်ဦးသေတယ်။  ဗလီဆရာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ကျန်တဲ့သူတွေကတော့ နည်းနည်းသက်သာတယ်" ဟုပြောသည်။

 

စစ်ကောင်စီသည် ယမန်နေ့ အမှတ်(၇)နှင့် (၈) ရပ်ကွက်အပြင်  ရေအားလျှပ်စစ်စီမံကိန်းရှိသည့် နေရာများတွင်လည်း ဗုံးကြဲခဲ့သည်ဟု သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 

" ရေအားလျှပ်စစ်ကိုရော ဗောဓိကုန်းကိုရော ဗုံးကြဲ ခဲ့တယ် ။ ရေအားဘက်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး" ဟုပြောသည်။

 

ဗလီဆရာတွင်  ပါးစပ်နှင့် လည်ပင်း ညာဖက်၊ ပေါင်တို့တွင် ကျည်စတွင် ပြင်းထန်ဒဏ်ရာရရှိပြီး နောက်ထပ်ဒဏ်ရာရသူများမှာ ပေါင်များလက်များတွင်အသေးစားဒဏ်ရာရရှိသည်သွားကြောင်း သိရသည်။

 

စစ်ကောင်စီသည် အာရက္ခတပ်တော်မှ သံတွဲမြို့ မောင်ရွှေလေးရေတပ်ကို စက်တင်ဘာ (၅)ရက်နေ့က သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် သံတွဲမြို့ကို  ဗုံးလာကြဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

လက်ရှိတွင်မြို့သူ၊မြို့သားများမှာ ကြောက်လန့်၍ ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်းသိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ