အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ် ပန်းမြောက်တောင်စခန်းတွင် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး စစ်သားတစ်ဦး သေဆုံးပြီးနောက် တပ်အပြောင်းအရွှေ့လုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

မင်းသျှင်စော နိရဉ္စရာ ၊ စက်တင်ဘာ ၉၊ ၂၀၂၄

ရခိုင်ပြည်တောင်ကုတ်မြို့ ပန်းမြောက်တောင်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား အရက်မူးပြီး အချင်းချင်း စကားများရာမှ ပစ်ခတ်မူဖြစ်ပွားကာ စစ်သားတစ်ဦး သေဆုံးပြီးနောက်  တပ်အပြောင်းအရွှေ့လုပ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းပစ်ခတ်မှုမှာ စက်တင်ဘာ ၄ရက် ညနေပိုင်းက  ဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူမှာ တပ်သား မျိုးသန့်အောင်ဖြစ်ကြောင်း စစ်တပ်မိသားစုများနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

"သူတို့အရက် လွန်လွန်ကျွံကျွ ံသောက်ပြီး အချင်းချင်းရန်ဖြစ်ရကာ သေနတ်နဲ့ ပစ်ကြတာပါ။ သေသွားသူက တပ်သားမျိုးသန့်အောင်ဖြစ်ပါတယ်။ ပစ်တဲ့သူကတော့ တပ်ကြပ် သူရိန်ကို လို့ သိရတယ်။  အခုသူ့ကိုဖမ်းပြီး ခမရ ၃၄၆ သို့ဖမ်းစီးခေါ်ဆောင်သွားတယ်"ဟု ၄င်းက ပြောကြားသည်။ 

ပန်းမြောက်တောင်စခန်းသည် စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားသည့် တောင်ပေါ်စခန်း တစ်ခုဖြစ်ပြီး  ခမရ ၃၄၆ တပ်ရင်း၏ လက်အောက်ခံစခန်းဖြစ်ကြောင်း သိရသည်။

" စစ်သားတွေ အချင်းချင်း ပစ်ခတ်မူဖြစ်ပြီး နောက်တစ်နေ့  စက်တင်ဘာ ၅ရက် နံနက်ပိုင်းမှာတော့ အစောင့်အနည်းငယ်ထားပြီး ပန်းမြောင်းတောင်စခန်းက စစ်သားတွေ အကုန်လုံးတပ်မ စကခ ၅ သို့ ခေါ်သွားတယ်။ နောက်ပိုင်းတော့ တစ်ခြား တပ်တစ်တပ်နဲ့ အစားထိုးပြီး ယာယီ အစောင့် နည်းနည်း ကျန်ခဲ့တဲ့ တပ်သားတွေကိုပါ စကခ ၅ ကို ခေါ်သွားပါတယ်   "ဟု  ၎င်းက ပြောကြားသည်။

ရခိုင်ရှိ စစ်ကောင်စီတပ်သားများသည် အကြီးအကျယ် စိတ်ဓာတ်ကျနေကြပြီး အချင်းချင်း ကြားတွင်လည်း မကျေလည်မှုများကြီးထွားနေကာ အထက်အောက်ဆက်ဆံရေးလည်း ပျက်စီးယိုယွင်းနေသည်ဟု ကြားသိရကြောင်း ၎င်း သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

“ အခု ထွက်ပြေးတဲ့ စစ်သားတွေလည်း အရမ်းများတယ်။ စစ်သားတွေလည်း တိုက်ပွဲတိုင်းရှုံးနေတော့ စစ်တိုက်လိုစိတ်ပျောက်နေတယ်။ အချင်းချင်းကြားမှာလည်း ညီညွတ်မှု မရှိဘူး။ အထက်နဲ့ အောက်လည်း စိတ်ဝမ်းကွဲကြားမှုတွေကြားရတယ်။ စစ်သားတွေ ထွက်ပြေးတာများတော့ စစ်ဆေးရေးဂိတ်တွေမှာဆိုရင် အရမ်း အစစ်ဆေးများတယ်”ဟုပြောကြားသည်။

အာရက္ခတပ်တော် (AA) သည် တောင်ကုတ်မြို့ အခြေစိုက် စစ်ဗျူဟာ ကွပ်ကဲမှု ဌာနချုပ် စကခ( ၅) အား ထိုးစစ်ဆင် တိုက်ခိုက်ရန် ရာဇသံပေးထားပြီး စစ်ကောင်စီကလည်း တောင်ကုတ်မြို့နယ်မှ အေအေ ရှိနိုင်မည်ဟု သံသယရှိသော ကျေးရွာများကို လေယာဉ်များဖြင့် ရမ်းသန်း ဗုံးကြဲနေ၍ အရပ်သားသေဆုံးမှု၊ အိုးအိမ်များ ပျက်စီးမှုများလည်း ရှိနေသည်။

တောင်ကုတ်မြို့တွင် စကခ (၅) နှင့် ခမရ (၅၄၄) နှင့် မခရ (၃၄၆) တပ်ရင်း ၂ ရင်းသာတည်ရှိပြီး တောင်ကုတ်မြို့ပေါ်မှ အပ နယ်ကျေးရွာများအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားကာ မြို့ကိုလည်း ၀ိုင်းဝန်းပိတ်ဆို့ထားသဖြင့် နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာလျက်ရှိသည်ဟု သိရသည်။( ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ