ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် နွားကျောင်းနေသည့် အမျိုးသား မိုင်းနင်း၍ ညာဘက်ခြေထောက် ပြတ်ထွက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 725

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၉/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် နွားကျောင်းနေသည့် အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက်သွားကြောင်း သိရသည်။

မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက်သွားသူမှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှ အသက် (၅၀)ကျော်အရွယ် ဦးမောင်ထွန်းရွှေဖြစ်သည်ဟု သိရသည်။

ဦးမောင်ထွန်းရွှေမှာ ယမန်နေ့ စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက သူနေထိုင်ရာ စိုင်ခြုံရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ်(၁၅) စက်မှု၊ လက်မှု တပ်ရင်းတို့ရှိသည့် ဒေသခံများအခေါ် နဂါးတောင်တွင် နွားအငှားကျောင်းနေစဉ်
 စစ်ကောင်စီတပ်က ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု စိုင်ခြုံကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

"သူက နွားအငှားကျောင်းနေတာ။ အဲဒီနဂါးတောင်မှာ စစ်ကောင်စီတပ်က တောင်တန်းတစ်လျှောက် မိုင်းထောင်ထားတာတွေရှိတယ်"ဟု ပြောသည်။

မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်သည့်အတွက် လက်ရှိတွင် ဦးမောင်ထွန်းရွှေသည် ဆေးကုသမှုခံယူနေရပြီး ဆေးဝါးကုသရန် အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်
 ဩဂုတ် ၃၁ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာမှ ဦးထောင်ဝေဇံ (၆၉)နှစ်သည် ကျောက်ခြင်းတောင်‌ကျေးရွာသို့ နွားကျောင်းသွားစဉ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ သေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)၏ထိုးစစ်ဝင်ရောက်လာနိုင်သည့် နေရာများတွင် မိုင်းများထောင်ထားပြီး ဒေသခံများမှာလည်း မကြာခဏ မိုင်းအန္တရာယ်နှင့်ကြုံ‌တွေ့နေကြရကြောင်း သိရသည်။

အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန်လည်း AA က သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း မိုင်းနင်းမိ၍
 ညာဘက်ခြေထောက်ပြင်းထန်ဒဏ်ရာရရှိသွားသူတစ်ဦးအား တွေ့ရစဥ်။

 

ဆက်စပ် သတင်းများ