ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

AA ထိုးစစ်ကိုခုခံရန် အမ်းမြို့ အခြေစိုက်နပခမှ အပြင်စည်း၊ အတွင်းစည်း ပိုင်းခြားသတ်မှတ်ကာ မိုင်းထောင်ခြင်းအပါအဝင် ပြင်ဆင်မှုအကြီးအကျယ်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

မင်းသျှင်စော နိရဉ္စရာ စက်တင်ဘာ ၁၀/ ၂၀၂၄

အာရက္ခတပ်တော် (AA ) မှ ထိုးစစ်ဆင် တိုက်ခိုက်ရန် ကြေညာခံထားရသည့် ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)သည် စစ်ရေးအရ အပြင်စည်း အတွင်းစည်း သတ်မှတ်ကာ မိုင်းထောင်ခြင်း အပါအဝင် ခံစစ်ကိုအကြီးအကျယ် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဒေသအတွင်း စစ်ရေး သတင်းရင်းမြစ်များအရ သိရသည်။

အမ်းမြို့အား အတွင်းစည်းအဖြစ် သတ်မှတ်ထားကာ မြို့ပတ်ပတ်လည်တွင် မိုင်းထောင်ခြင်း၊ မြို့ဝင်ပေါက် ထွက်ပေါက်များတွင် ကတုတ်ကျင်းများတူးပြီး စစ်ဆေးရေးဂိတ်များတိုးချဲ့ခြင်း၊ အေအေ ဝင်လာနိုင်သည့် လမ်းကြောင်းတစ်လျှောက် အဆောက်အဦများတွင် တပ်စွဲနေရာယူခြင်း၊ ပစ်ကျင်းတူးခြင်း၊  ကင်းပုန်း ဝပ်ခြင်း၊ ကင်းထောက်ခြင်း၊ အရပ်သားများ စစ်ကောင်စီတပ်ရင်းများ အနီးသွားလာခြင်းကို ကန့်သတ်ပိတ်ပင်ခြင်း၊ အမ်းမြို့ထဲမှ ဆေးဝါး၊ စားသုံးကုန်များ အပါအဝင် ရိက္ခာများအား မြို့ပြင်သို့ သယ်ယူခွင့်တို့ကို တားမြစ်ခြင်းစသည်တို့ကို ပြုလုပ်ထားသည်ဟု အမ်းဒေသ စစ်ရေး​အခြေအနေ လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောသည်။

သူတို့က ပြင်ဆင်မှုတွေ အကြီးအကျယ် လုပ်နေတယ်။ နပခဌာနချုပ် ရှေ့က အထက ၂ ကျောင်းကိုပါ စစ်သားတွေ ဝင်ရောက် တပ်စွဲပြီး နေရာယူထားတယ်။ ပီးရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတစ်လျှောက် မိုင်းတွေထောင်တယ်။ အထူးသဖြင့် နပခ ဌာန ချုပ်ရှေ့  ခြံစည်းရိုးနဲ့ ကပ်ရှိတဲ့ သစ်ပင်ခြေရင်းတွေ မိုင်းတွေ ောင်နေတာကိုတွေ့ရတယ်။ တချို့ မိုင်းတွေမှာ ထောင်ပြီး ဝါယာကြိုးတွေပါ တပ်ဆင်တော့ ဆွဲမိုင်းလို့တော့ ထင်ရတယ်ဟု​ ပြောသည်။

အပြင်စည်းမှာ မဲတောင်လိုနေရာမျိုးကို သတ်မှတ်ထားပြီး အမ်းမြို့ပြင်ဘက်တွင် ကာကင်းများ ထားရှိကာ အေအေထိုးစစ်ကို ခုခံရန်ပြင်ဆင်ထားသည်ဟု ဆိုသည်။

သူတို့က အပြင်စည်းမှာတော့ နပခနဲ့ ဆက်နေတဲ့ မဲတောင်လို နေရာမျိုးမှာ ကာကင်းထားတယ်။ နပခ အနီးဝန်းကျင်မှာလည်း ကာကင်းတွေ တိုးချဲ့ထားတာကိုတွေ့ရတယ်။ အဲဒီကာကင်းတွေကို ကျော်လွန်ပြီး စစ်ကြောင်းထိုးတာမျိုးလည်းရှိတယ်။ ပီးရင် အဲဒီကာကင်းတွေရဲ့ အနီးဝန်းကျင်တွေကို နပခ အထိုင်စခန်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်ဟု ပြောကြားသည်။

စက်တင်ဘာ ၉ ရက် နံနက် နံနက် နာရီကျော်ကတည်းက မိုင်းများ ထောင်ပြီးနောက် နံနက် နာရီ အရောက်တွင် နပခဌာနချုပ်မှ မဲတောင်ဘက်သို့ လက်နက်ကြီး  ၃လုံးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အမ်းမြို့ပေါ်မှ အပ ကျန်မြို့နယ်တစ်ခုလုံး နေရာများကို AAက သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သဖြင့် အမ်းမြို့ ရှိ အနောက်ပိုင်းတိုင်းသည် ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် အနေအထားတွင် ရှိနေပြီး မြန်မာပြည် အလယ်ပိုင်းမှ စစ်ကူလာရန်တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် အမ်း- မင်းဘူးလမ်းမှာလည်း AA အပါအဝင်  ဒေသအတွင်းက PDF များ၏ ပိတ်ဆို့ခြင်းကို ခံထားရသည်ဟု သိရသည်။  

အမ်းမြို့ နပခ အပါအဝင် စစ်တပ် တပ်ရင်းများသည် ရိုးမတောင်ခြေရင်းရှိ တောင်တန်းငယ်များ အကြားတွင် တည်ရှိသဖြင့် ပထဝီအနေအထားရ ပြောက်ကျားစစ်ဆင်ရေးလုပ်ရန် အလွန် ကောင်းမွန်သော နေရာဖြစ်ကာ အမှန်တကယ် AA ထိုးစစ်ဆင်လာပါက စစ်ကောင်စီအနေဖြင့် ခုခံရန် မလွယ်ကူနိုင်ကြောင်း စစ်ရေးအကဲခတ်များက ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အထဲတွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း နပခဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား မိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ရန်သူ့စခန်း တချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်ကြောင်းဖော်ပြထားသည်။

ပုံစာ- မိုင်းထောင်ထားသည့် နပခ ဌာနချုပ်ခြံစည်းရိုးပြင်ပ သစ်ပင်ကြီးများကိုတွေ့ရစဉ်။

ဆက်စပ် သတင်းများ