ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့သို့ စျေးဝယ်သွားသည့်အမျိုးသမီး ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မင်းသျှင်စော နိရဉ္စရာ၊စက်တင်ဘာ ၉/ ၂၀၂၄

ရခိုင်ပြည်၊ကျောက်ဖြူမြို့သို့ လှေတစ်စီးနှင့်အတူ စျေးဝယ်သွားသည့် ဂုံးချွိန်ရွာမှ အမျိုးသမီး ၆ ဦးကို စစ်ကောင်စီတပ်ှ ယခုလ ၈ ရက်နေ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးများမှာ မချေချေမ (၁၇) နှစ် ကုလားမ (၂၂)နှစ် ငယ်ယိုင် (၃၅) နှစ် အိအိသူ (၂၅) နှစ်နှင့်  နောက်ထပ် လူလတ်ပိုင်းအမျိုးသမီး ၂ ဦးတို့ဖြစ်ကြသည်။

၎င်းမျိုးသမီးများသည် ဂုံးချွိန်ကျေးရွာမှ ကျောက်ဖြူမြို့သို့ လှေတစ်စီးဖြင့် စျေးသွားဝယ်ကြရာမှ  GTI ကျောင်းနောက်ဖက် အရောက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာကို အတည်ပြုပြောကြားသည်။

ဒေသခံတစ်ဦးက " ဖမ်းဆီးတာကဟုတ်ပါတယ်။ ကျွန်တော်တို့မြင်လိုက်တယ် ။သူတို့က မနက် ၁၀ နာရီကျော်လောက်မှာ ရောက်တယ် GTI ကျောင်းနောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတော့ အကုန်ဖမ်းယူသွားတယ်"ဟု ပြောသည်။

အမျိုးသမီးများ ဖမ်းဆီးထားပြီးနောက် ရဲကားရောက်လာကာ သူတို့ ၆ ယောက်လုံးကို ရဲကားပေါ်တင်ပြီး မြို့မရဲစခန်းသို့ခေါ်သွားသည်ဟု ပြောသည်။  

စစ်ကောင်စီသည် ကျောက်ဖြူမြို့သို့ အဝင်အထွက် ရေကြောင်းနှင့် ကုန်လမ်းများကို ပိတ်ဆို့ထားပြီး  စားကုန်နှင့် ဆေးဝါးများသယ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟု သိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြားတွင်လည်း စစ်ရေးတင်းမာနေပြီး ကျောက်ဖြူ နယ်ဒေသများ အားလုံးကိုလည်း အေအေ သိမ်းပိုက် ထိန်းချုပ်ထားသည်ဟု သိရသည်။

ပုံစာ- ရခိုင်ကျေးလက်ဒေသတစ်ခုရဲ့မြင်ကွင်း (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ