ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

မောင်တော နခခ(၂) စခန်းဟောင်းကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးလာကြဲ AA ထိန်းသိမ်းထားသည့် အကျဥ်းသားများအပါအဝင် ၅၀ ကျော် ပွဲချင်းပြီးသေဆုံး၊ အများအပြား ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 902

နောင်မင်းသူ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၀ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့ ၄ မိုင်ရှိ အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားသည့် နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ(၂)ဌာနချုပ် စခန်းအား စစ်ကောင်စီက ယမန်နေ့ညအချိန် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကြဲခဲ့သည့်အတွက် စစ်သုံ့ပန်းများနှင့် အရပ်သားအကျဉ်းသားများအပါအဝင် ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့သည်ဟု AA က ယနေ့ သတင်း ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်၊ ည ၉ နာရီခွဲခန့်၌ ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးလာကြဲခဲ့ခြင်းဖြစ်သည်ဟု AA ၏ ယနေ့ စက်တင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးခဲ့ကြရသူများမှာ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်း၊ အရပ်သား အကျဉ်းသားများဖြစ်ကြသည်ဟု သိရသည်။

သေဆုံးခဲ့ရသူများမှာ

(၁) မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊
(၂) ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊
(၃) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ
(၄) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊
(၅) ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊
(၆) ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊
(၇) ALP နှင့် ဆက်စပ်နေသောသူများ
(၈) သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင်
စုစုပေါင်း အကျဉ်းသား (၅၀) ကျော်သည် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူ များစွာတို့သည်လည်း ဆက်လက်ရှိနေဆဲဖြစ်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေတောင်ကျေးရွာဒေသခံတစ်ဦးက "စစ်သုံ့ပန်းသေဆုံးတာ ၅၀ ကျော်တယ်။ ဒဏ်ရာရသူ များတယ်။ တေဘာကားတွေနဲ့ တင်သွားကြတယ်"ဟု ပြောသည်။

စစ်ကောင်စီ၏ဂျက်တိုက်‌လေယာဉ် ၂ စီးမှာ မောင်တောမြို့အား ဗုံးကြဲချပြီးအပြန်၌ နခခ(၂)တပ်ရင်းအားဗုံးကြဲချရာ တပ်ရင်းနောက်ဘက်အဆောင်များတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်

စစ်ရေးလေ့လာသူတစ်ဦးက "ဒီလိုဗုံးချတာက သူတို့လူကိုသူတို့ ဗုံးချသတ်ပစ်လိုက်တာပဲ။ နခခ(၂)တပ်ရင်းနောက်ဘက်ကို ဗုံးလေးလုံးလောက်ချခဲ့တယ်။ အဆောင်အတော်များများ ပြိုပျက်သွားတယ်။ ဖမ်းဆီးခံထားရတဲ့စစ်သုံ့ပန်းတွေ အများအပြားသေဆုံးသွားခဲ့တယ်"ဟု ပြောဆိုသည်။

နခခ(၂)တပ်ရင်းထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA၊ စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်များ အပါအဝင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပါ AA ဘက်က စစ်သုံ့ပန်းများအဖြစ် အရှင်ဖမ်းမိ ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းနခခ(၂)တပ်ရင်းအား အာရက္ခတပ်တော် AAမှ ပြီးခဲ့သည့်ဇူလိုင်လ ၆ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  

စစ်ကောင်စီက လက်လွှတ်ခဲ့ရသည့် မြို့ရွာများအား ဆက်လက်ဗုံးကြဲသွားမည်ဟု စက်တင်ဘာ ၃ ရက်မှစတင်ကာ စစ်ကောင်စီပိုင် သတင်းစာမှ ပေါ်တင်ခြိမ်းခြောက်ထားပြီးနောက် ယခုလို လေကြောင်း ဗုံးကြဲမှုများအား အဆက်မပြတ်လုပ်ဆောင်လာ‌ခြင်းလည်းဖြစ်သည်။ 

မောင်တောမြို့အား စစ်ကောင်စီက ယမန်နေ့ ညနေ ၃ နာရီ၌လည်း ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ‌ချခဲ့သလို စစ်နေဗီကလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုင်းကြီး(ရခိုင်)ရွာမှ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ရသည်။

ယနေ့ ညနေ ၂ နာရီကျော်၌လည်း ဂျက်တိုက်လေယာဉ်များဖြင့် မောင်တောမြို့အား ဗုံးကြဲချလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းပြင် ပေါက်တောမြို့နယ်၊ ရှင်ရွာအတွင်းရှိ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေ ဆေးကုသရေး စင်တာကို ဒီလ ၈ ရက်နေ့ ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့  ဗုံးကြဲတိုက်ခိုက်တဲ့အတွက်  လူပေါင်း ၁၇ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့သည်။  

လက်ရှိတွင် စစ်ကောင်စီသည် လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများအပါအဝင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန်နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြရန် သတိပေးထားသည်။

ဆက်စပ် သတင်းများ