မင်းသျှင်စော၊ နိရဉ္စရာ၊စက်တင်ဘာ ၁၀/ ၂၀၂၄
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ မအီနှင့် အမ်း ကားလမ်းမထက်၌ တည်ရှိသည့် ပဒဲကြောရွာစာသင်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။
စက်တင်ဘာ၈ ရက်၊ ညနေ၆နာရီအချိန်ခန့်တွင် အမ်း -မအီ လမ်းမမွားအုပ်စု၊ ပဒဲကြောရွာ စာသင်ကျောင်းကိုစစ်ကောင်စီ Y12 လေယဉ်ဖြင့် ဗုံးတစ်ကြိမ်ကြဲချခဲ့သည်ဟု ဒေသခံတစ်ဉီးကနိရဉ္စရာ သို့ပြောသည်။
"အဲဒီနေ့ ည၆ နာရီဝန်းကျင်လောက်မှာ Y12 ကလာပြီးဗုံးချတယ်။ စာသင်ကျောင်းနားကိုကျတယ်။ စာသင်ကျောင်းလည်း တော်တော်ပျက်စီးသွားတယ်။ အဲဒီကျောင်းကအလယ်တန်းကျောင်းပါ။ ကံကောင်းလို့။ နေ့လယ်ဆိုကလေးတွေ ပါသွားမှာ။ အခုကစာသင်ချိန်မဟုတ်လို့တော်သေးတယ်"ဟု၄င်းကပြောပါသည်။
ဗုံးကြဲမှုကြောင့် ကျောင်းအုပ်ဆရာကြီးမှာ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုသတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
တိုက်ပွဲတစ်စုံတရာမရှိဘဲ ပဒဲကြောရွာစာသင်ကျောင်းကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးလာကြဲခဲ့သဖြင့် စာသင်ကျောင်း အထိအခိုက်အပျက်အစီးများရှိခဲ့သည်ဟု ဆိုသည်။
ဒီပဲကြောရွာ၊တလိုင်းတောင်ရွာတို့သည်မွားအုပ်စုဖြစ်ပြီးအများအားဖြင့်ချင်းလူမျိုးများနင့်ရခိုင်လူမျိုးတို့စုပေါင်းနေထိုင်ကြသောကျေးရွာများဖြစ်ကြသည်။
စစ်ကောင်စီမှ၄င်းကျေးရွာဖက်သို့ အာရက္ခတပ်တော် (AA)ရှိသည်ဟုသံသယဖြင့်အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်မူရှိနေပြီး ကျွဲ နွားများလည်း ထိခိုက် သေဆုံးမှုများ ရှိနေသည်ဟု သိ၇သည်။
စစ်ကောင်စီသည် အမ်းမြို့ထဲသို့ အေအေ ဝင်ရောက်လာနိုင်သောနေရာများကိုမြေမြုတ်မိုင်း ထောင်ခြင်းနှင့် ကာကင်းများချထားကာ လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ယခင်ကထက် အစစ်ဆေးများပြုလာသည်။