Preview

အိုင်စီအာရ် ဥက္ကဋ္ဌသည် မြန်မာခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် ရခိုင်သို့ သွားရောက်ခဲ့

စက်တင်ဘာ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :2781
ရခိုင် သတင်း

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၀  / ၂၀၂၄

ကမ္ဘာ့ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌMirjana Spoljaric သည်သူမ၏ ၅ ရက်တာ မြန်မာ ခရီးစဉ်အတွင်း ရခိုင်ပြည်သို့ သွားရောက်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(အိုင်စီအာရ်စီ)မှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ သွားရောက်ခြင်းမှာ အလွန်အမင်းလိုအပ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကိုမျက်မြင်ကိုယ်တွေ့သိရှိနိုင်ရန် အတွက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC ) ၏ ဥက္ကဋ္ဌ Mirjana Spoljaric သည် ပဋိပက္ခနှင့်အခြားသောအကြမ်းဖက်မှုအခြေအနေများ ပိုမိုအရှိန်မြင့်တက်လျက်ရှိနေပြီးလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုယိုယွင်းလာလျက်ရှိနေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ICRC  ဥက္ကဋ္ဌ၏  စက်တင်ဘာလ ၅ရက်နေ့မှ ၉ ရက်နေ့အထိ ၅ ရက်တာမြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူမသည် စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်တွင် MsSpoljaric သည်လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးလိုသည့်အိုင်စီအာရ်စီ၏ ရည်ရွယ်ချက်နှင့် ယင်း၏ ဆောင်ရွက်ပေးနိုင်စွမ်း နှင့်စပ်လျဉ်း၍ဆွေးနွေးပြောဆိုခဲ့သည့်အပြင် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ သွားရောက်ခွင့်ကိုပိုမို ရရှိနိုင်ရန်လည်း တိုက်တွန်းခဲ့သည်။

အိုင်စီအာရ်စီဥက္ကဋ္ဌက "ကျွန်မတို့အနေနဲ့ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကြား အတွင်းရေးကိစ္စအဖြစ်သတ်မှတ်ထားရှိတဲ့ဆွေးနွေးပြောဆိုမှုတွေကို ဆောင်ရွက်ရာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေသူတွေဘေးကင်းလုံခြုံစေဖို့ အတွက် သူတို့မှာရှိတဲ့ တာဝန်ဝတ္တရားကိုအသိပေးပြောဆိုမှုတွေပြုလုပ်ပါတယ်" ဟု ပြောကြားခဲ့သည်။


မြန်မာနိုင်ငံမှ ပဋိပက္ခဒဏ်ခံနေရသည့် နေရာများရှိရပ်ရွာလူထုများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာစနစ်၊ သန့်ရှင်းသည့်ရေ၊အစားအစာနှင့် နေထိုင်ရန်အမိုးအကာများ ရရှိနိုင်မှုတွင် ကြီးမားသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေ၇သည်ဟုဆိုသည်။

ခက်ခဲသည့်စိန်ခေါ်မှုများ ရှိသော်လည်း အိုင်စီအာရ်စီအဖွဲ့များသည် ဘေးဖြစ်ရန် အလွယ်ကူဆုံးရပ်ရွာလူထုများ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့်ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံနေရသည့် နေရာဒေသများတွင်နေထိုင်လျက်ရှိသူများထံသို့ သွားရောက်ပံ့ပိုးကူညီနိုင်ရန်သန္နိဋ္ဌန်ချထားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

“မြန်မာနိုင်ငံမှာရှိတဲ့မိသားစုတော်တော်များများက အခြေခံဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘဲနေထိုင်နေကြပြီး ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပြင်သန့်ရှင်းတဲ့ရေနဲ့မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုတွေမှာလည်း အကန့်အသတ်တွေရှိနေပါတယ်။ ပဋိပက္ခနဲ့ အခြားသောအကြမ်းဖက်မှုအခြေအနေများကြောင့်အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေကိုဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက်ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ပါဘူး" ဟု ဥက္ကဋ္ဌက ပြောသည်။

လူနေထူထပ်သည့်နေရာများတွင် ထိခိုက်မှုမြင့်မားသည့် ပေါက်ကွဲစေတတ်သောစစ်လက်နက်ပစ္စည်းများကို ပုံမှန်အသုံးပြုခြင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ စိုးရိမ်ဖွယ်မြင့်တက်လာသည်ကို သတိပြုတွေ့ရှိခဲ့ကြောင်းသူကပြောသည်။


ထို့ပြင်လူထု၏ သွားလာနိုင်မှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်မှု လျော့နည်းလာသည့်အခြေအနေတွင် ရပ်ရွာလူထုတော်တော်များများအတွက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုများ ရရှိနိုင်မှုအပေါ်အကန့်အသတ်ဖြစ်လာကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပျက်ပြားလာခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများပိုမိုဖြစ်ပွားလာသည့်အပြင် ဆေးဝါးအထောက်အပံ့များ ပေးပို့ဖြည့်ဆည်းမှုမရှိခြင်းကလည်း ဒဏ်ရာရသူများနှင့် နာတာရှည်ရောဂါသည်များ၏ ထိခိုက်ခံစားရမှုများကိုပိုမိုဆိုးရွားစေကြောင်းသိ၇သည်။

ဆက်လက်ဖြစ်ပွားလျက်ရှိသည့်အခြားသောအကြမ်းဖက်မှုအခြေအနေများကြောင့် ထောင်နှင့်ချီသော မိသားစုများသည်မကြာခဏဆိုသလို မည်သည့်ပိုင်ဆိုင်မှုကိုမျှ ယူဆောင်နိုင်ခြင်းမရှိဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ခရီးစဉ်ပြီးဆုံးချိန်တွင် အိုင်စီအာရ်စီ ဥက္ကဋ္ဌသည် နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့်အရပ်သားပြည်သူလူထုအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကိုပိုမိုသွားရောက်ပေးအပ်နိုင်ရန်အတွက် တောင်းဆိုခဲ့ကြောင်းသိ၇သည်။

ထို့ပြင်အိုင်စီအာရ်စီဥက္ကဋ္ဌသည် အိုင်စီအာရ်စီ၏ ကြားနေသည့် အခန်းကဏ္ဍနှင့် အကူအညီလိုအပ်မှုများ အများဆုံးရှိနေသည့်လူထုထံသို့ သွားရောက်နိုင်ရေးဟူသည့် ရည်မှန်းချက်ကို အထူးအလေးပေးပြောကြားခဲ့ကြောင်းသိ၇သည်။

"မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့ဆိုတဲ့ အိုင်စီအာရ်စီရဲ့ သန္နိဋ္ဌန်က မဆုတ်မနစ်ဆက်လက်တည်ရှိနေမှာပါ” ဟု အိုင်စီအာရ်စီ ဥက္ကဋ္ဌက ပြောကြားသည်။

၎င်းပြင်နိုင်ငံအတွင်း အဆောတလျင် လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဟူသည့် အိုင်စီအာရ်စီ၏ ဆုံးဖြတ်ချက်သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.