ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၄

ရခိုင်ဒေသတွင် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်သည်ဟု မိုးလေဝပညာရှင် Su Su San က သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ စက်တင်ဘာ ၁၁ ရက်၊ နံနက် အရုဏ် ၄ နာရီခန့်က သတိပေး ထုတ်ပြန်သည်။

"သံတွဲ၊ မာန်အောင်ကျွန်း၊ စနဲ၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်၊ တောင်ကုတ်၊ အမ်း၊ မအီ၊ ငဖဲ၊ စေတုတ္တရာ၊ လောင်းရှည်၊ ဆော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်။ ဘေးအန္တရာယ်ကင်းကြပါစေ"ဟု ရေးသားထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီအချိန်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အနောက်မြောက်ပိုင်းဒေသများကို ဖြတ်ကျော်လျက် ရှိသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ရခိုင်၊ ချင်းနှင့် မကွေးတိုင်းတို့အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ဒေသအလိုက် မိုးရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်ဟုလည်း မိုး/ဇလကထုတ်ပြန်ထားသည်။

နောက်(၂)ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးပိုလာမည်ဟုလည်း ဆိုထားသည်။

ဓာတ်ပုံ - Su Su San 

ဆက်စပ် သတင်းများ