ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မိုးသည်းထန်၍ တောင်ကုတ်မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်ငယ်အချို့ ရေနစ်မြုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 409

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၁ / ၂၀၂၄

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များအနက် မြေနိမ့်ပိုင်းရပ်ကွက်ငယ်အချို့နှင့် နေအိမ်များ ရေနစ်မြုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်မှ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ ညနေပိုင်းထိ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသည့်အတွက် တောင်ကျချောင်းရေများဝင်ရောက်ပြီး အဆိုပါရပ်ကွက်များနှင့် နေအိမ်များ ရေနစ်မြုပ်မှုကြုံနေရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့ခံလူငယ်တစ်ဦးက "မနေ့ကပဲ မိုးကဆက်တိုက်ရွာနေတာ။ ဒီနေ့မနက်အစောကြီးမှာ ရေစဝင်လာတယ်။ ကျွန်တော်တို့အနိမ့်ပိုင်းတွေမှာဆို ရေက လည်ပင်းလောက်အထိရောက်နေပြီ" ဟု ပြောသည်။

တောင်ကုတ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဂူတာရပ်ကွက်တွင်ဆိုလျှင် ဆေးရုံကွက်သစ်၊ မီးစက်ကွက်သစ်၊ ကံပိုင်ရပ်ကွက်တွင်ဆိုလျှင် ညစျေး၊ အင်းခုံတောင်၊ ချောင်းကောက်ရပ်ကွက်နှင့် သိမ်တောင်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် တောင်ကျချောင်းရေများ ဝင်ရောက်နစ်မြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းအထိ မိုးမှာအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်၍ ချောင်းရေပိုကာ ရေများဆက်လက် ပြည့်လျှံလာနိုင်ကြောင်း မြို့ခံများက ပြောသည်။

ရခိုင်ဒေသရှိ သံတွဲ၊ မာန်အောင်ကျွန်း၊ စနဲ၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်၊ တောင်ကုတ်၊ အမ်း၊ မအီ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ မြေပုံနှင့် ကျောက်ဖြူဒေသများတွင် ၂၄ နာရီအတွင်း မိုးကြီးပြီးရေလျှံနိုင်သည်ဟုလည်း မိုးလေဝသခန့်မှန်းသူ ပညာရှင် Su Su San က ယနေ့လူမှုကွန်ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်လအစောပိုင်းတို့ကလည်း တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ - တောင်ကုတ်မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်ငယ်အချို့ ရေနစ်မြုပ်နေသည်ကို ယနေ့ စက်တင်ဘာ ၁၁ ရက်၊ ညနေပိုင်းက မြင်တွေ့ရစဥ်။

ဆက်စပ် သတင်းများ